Friday, August 30, 2013

အစာကျွေးမှု စနစ်မှား၍ မွေးမြူရေးအစာဈေးပိုကြီးဟုဆို

ငါးမွေးမြူရေးလုပ်ငန်းများ၏ အစာကျွေးမှုစနစ် မှားခြင်းကြောင့် အစာလေလွင့်မှုများ၍ မွေးမြူရေးအစာဈေး မြင့်တက်နေ ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များသည် မွေးမြူရေး အစာကုန်ကြမ်းများဖြစ်သော ဖွဲနုကို ကန်ထဲသို့ တိုက်ရိုက်ထည့်၍ အစာကျွေးခြင်းကြောင့် မလိုအပ်ဘဲ လေလွင့်ဆုံးရှုံးမှုများကာ ဖွဲနုရှားပါးလာပြီး ယင်းသို့ မွေးမြူရေးအစာဈေး အဆမတန် မြင့်မားလာခြင်း ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

“ပြည်ပကို လေ့လာရေးခရီး ခဏခဏသွားဖူးတဲ့ ငါးမွေးလုပ်ငန်းရှင်တွေ ကိုယ်တိုင် အစာကုန်ကြမ်း တိုက်ရိုက်ကျွေးနေတာကို တွေ့နေရတယ်။ မိရိုးဖလာ အစွဲအလမ်းကို မဖျောက်နိုင်ကြဘူး” ဟု ၎င်းကဆိုသည်။

အစာကျွေးပုံ စနစ်မှားယွင်းသောကြောင့် လုပ်ငန်းရှင်များ ဒုက္ခရောက်နေခြင်း ဖြစ်သည်ဟု အာဟာရပညာရှင် ဒေါက်တာဖေတင် ၏ ပြောကြားချက်ကို ကိုးကား၍ ဦးဝင်းကြိုင်က ဆိုသည်။

မွေးမြူရေးကဏ္ဍ၌ ငါးမွေးမြူရေး အစာကျွေးရာ၌ အစာတောင့်ကို အသုံးပြု၍ ရသော်လည်း လုပ်ငန်းရှင်များက မွေးမြူရေး အစာတောင့်၏ အကျိုးသက်ရောက်မှုကို ယုံကြည်မှုမရှိ၍ မသုံးကြခြင်း ဖြစ်သည် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားသည်။

“အစာတောင့် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကလည်း မွေးမြူသူတွေရဲ့ ယုံကြည်မှုရအောင် ထုတ်ဖို့လိုတယ်” ဟု ၎င်းကသုံးသပ်သည်။

ငါးမွေးမြူရေး အစာကျွေးရာတွင် ကုန်ကြမ်းအတိုင်း အသုံးမပြုဘဲ ကုန်ချောထုတ်ပြီး အစာတောင့် အသုံးပြုခြင်းသည် ကုန်ကြမ်းသက်သာရုံမက လက်ရှိတွင် ဥရောပနိုင်ငံများက မြန်မာနိုင်ငံသို့ ပေးအပ်သည့် အထူးအခွန်ကင်းလွတ်ခွင့်ကို ရရှိခံစားခွင့်ရနိုင်မည့် ကောင်းမွန်သည့် ထုတ်လုပ်မှုနည်းစနစ် (GMP) ဖြင့် ထုတ်လုပ်သော ရေထွက်ကုန်များ တင်ပို့ရောင်းချနိုင်ရေး အတွက်လည်း အထောက်အကူပြုကြောင်း ရေထွက် ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

မွေးမြူရေးအစာကုန်ကြမ်းများ ဖြစ်သည့် ပဲဖတ်ဈေးနှုန်းသည် တစ်ပိဿာ ၉၆၀ ကျပ်နှင့် ဖွဲနုတစ်ပိဿာ ၃၆၇ ကျပ် ရှိပြီး အဆိုပါ မွေးမြူရေး အစာဈေး မြင့်တက်သဖြင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှုကြောင့် ပြည်တွင်း ငါးဈေးလည်း မြင့်တက်လျက် ရှိကြောင်း မွေးမြူရေးအစာ ထုတ်လုပ် ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment