Friday, August 30, 2013

နှစ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကုလသမဂ္ဂ ကူညီမည်ဟု နမ်ဘီးယားပြောကြား

လူ ၄၀ ကျော် သေဆုံးပြီး အိမ်ခြ ၅၀၀ ကျော် မီးရှို့ခံခဲ့ရသော မိတ္ထီလာမြို့တွင် နှစ်ဖက်လူ့အဖွဲ့ အစည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ကုလသမဂ္ဂအဖွဲ့ကြီးက ကူညီပေးမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဘီဂျေးနမ်ဘီးယားက ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မိတ္ထီလာမြို့သို့ ဒုတိယအကြိမ် ရောက်ရှိလာသော မစ္စတာဘီဂျေးနမ်ဘီးယားသည် အရှေ့ပြင်ရပ်ကွက်ရှိ ဘန်ဂါလီ ဗလီ၊ မင်္ဂလာဇေယျုံရပ်ကွက် မီးလောင်ပြင်၊ ချမ်းအေးသာယာရပ် ဗလီတို့ကို သွားရောက် ကြည့်ရှုခဲ့ပြီး သာသနရက္ခိတ (အင်းကုန်း) ကျောင်းရှိ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ယင်းနောက် မိတ္ထီလာမြို့ ဆက်သွယ်ရေး ဧည့်ရိပ်သာတွင် ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။

မစ္စတာဘီဂျေးနမ်ဘီးယားသည် မိတ္ထီလာမြို့သို့ ယခုနှစ် မတ်လ ၂၄ ရက်က ပထမအကြိမ် လာရောက်ခဲ့ဖူးပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ကိုယ့်မြေနေရာ ကိုယ်ပြန်နေချင်ပါတယ်။ စခန်းမှာ အိမ်ထောင်သည်တွေနဲ့ မိန်းမပျိုလေးတွေ တွဲနေရတာ အဆင်မပြေပါဘူး” ဟု ရေအရင်းအမြစ် ကယ်ဆယ်ရေးစခန်းတွင် သွားရောက် နေထိုင်လျက် ရှိသော မော်လဝီအီဇဟတ်က မစ္စတာနမ်ဘီးယားနှင့် ချမ်းအေးသာယာ ဗလီတွင် တွေ့ဆုံစဉ် ပြောကြားသည်။

မစ္စတာနမ်ဘီးယားကလည်း နှစ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီးက လိုလားပြီး လိုအပ်သော အကူအညီပေးမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

“ကျွန်မတို့အနေနဲ့ ကိုယ့်အိမ်နဲ့ကိုယ် အမြန်ဆုံး ပြန်နေချင်ပါတယ်။ ကလေးမီးဖွားခါနီးနေပြီဆိုတော့ စခန်းမှာနေတာထက် အိမ်မှာနေရရင် ပိုအဆင်ပြေနိုင်ပါတယ်” ဟု သာသနရက္ခိတ (အင်းကုန်း) ကျောင်းရှိ ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်သော မသင်းသင်းကြူက ဆိုသည်။

“လက်ရှိအချိန်တွင် ကယ်ဆယ်ရေးစခန်းငါးခု၌ မိတ္ထီလာ ပဋိပက္ခတွင် မီးဘေးသင့်ခဲ့သော ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ဒုက္ခသည်ပေါင်း လေးထောင်ကျော် ကျန်ရှိနေသေးကြောင်း အဆိုပါ စခန်းများ၏ လူဦးရေစာရင်းများအရ သိရသည်။

၎င်း၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်တွင် ရာပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များက မြို့၏ အချက်အချာနေရာများတွင် လုံခြုံရေး ယူပေးခဲ့ကြပြီး နေပြည်တော် ထွက်ခွာသွားချိန်ထိ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း မရှိကြောင်း မိတ္ထီလာဒေသခံများထံမှ သိရသည်။

“သူက ဘယ်သွားမယ်ဆိုတာကို ကြိုပြောမထားဘူး။ သူသွားချင်တဲ့နေရာကို တန်းသွားတယ်။ ဒီမှာ လုံခြုံရေး အခြေအနေတွေကို ဘယ်လိုလုပ်ပေးထားတယ်ဆိုတာ သူသိသွားတယ်” ဟု မစ္စတာဘီဂျေးနမ်ဘီးယား၏ မိတ္ထီလာ ခရီးစဉ်တွင် လုံခြုံရေးတာဝန် ယူပေးထားသော ရဲမှူးကြီး ထွန်းနိုင်က ရှင်းပြသည်။

The Voice Weekly

0 comments:

Post a Comment