Friday, August 30, 2013

တစ်ကောင် ဒေါ်လာ နှစ်သောင်းတန် မြင်း ၂၄ ကောင် ဝယ်ယူ

(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အသုံးပြုရန် ခြောက်ပေ အမြင့်ရှိ နိုင်ငံတကာအဆင့်မီ မြင်း ၂၄ ကောင်ကို တစ်ကောင်လျှင် ဒေါ်လာ နှစ်သောင်းနီးပါးနှုန်းဖြင့် သြစတြေးလျ နိုင်ငံမှ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။

ဝယ်ယူထားသော မြင်းများအားလုံး အောက်တိုဘာလ ပထမပတ် အတွင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ရောက်ရှိမည်ဖြစ်ရာ ယင်းမြင်းများကို မြန်မာ မြင်းများနှင့် ရောနှော၍ SEA Games ပြိုင်ပွဲဝင် အားကစားသမားများ မဲစနစ်ဖြင့် ပြိုင်ပွဲဝင်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခုမြင်းများသည် မြင်းစီးအဖွဲ့ချုပ်ပိုင် မြင်းများ မဟုတ်ဘဲ မြန်မာနိုင်ငံ က ငွေကြေး ကြွယ်ဝသူ မြင်းစီး ဝါသနာရှင်များက ဝယ်ယူထားသော မြင်း များဖြစ်ရာ SEA Games ပြိုင်ပွဲ ပြီးဆုံးသည်နှင့် ပိုင်ရှင်များထံ ပြန်လည် အပ်နှံမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သြစတြေးလျမှ ဝယ်ယူထားသော မြင်းများ သာမက ပြိုင်ပွဲတွင် အသုံးပြုမည့် မြင်းအားလုံးမှာ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ပိုင် မြင်းများ မဟုတ်ကြောင်း ပြောဆိုသည်။

(၂၇) ကြိမ်မြောက် SEA Games တွင် အောင်မြင်မှု ရရှိရန် မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်သည် ၄၈ ဧက ကျယ်ဝန်းပြီး မြင်း ကောင်ရေ ၄၀ ဆန့် မြင်းဇောင်း လေးခုရှိသည့် ဝဏ္ဏသိဒ္ဓိ မြင်းပြိုင်ကွင်းတွင် လစဉ် ပြိုင်ပွဲငယ်များ ကျင်းပလျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment