Friday, August 30, 2013

ရွှေဂက်စ်ပိုက်လိုင်းကို လက်မှတ်ထိုးကန့်ကွက်သည့်လှုပ်ရှားမှု ရှမ်းမြောက်၌စတင်

ရွှေဂက်စ်ပိုက်လိုင်းစီမံကိန်းနှင့်ပတ်သက်ပြီး လက်မှတ်ထိုးကန့်ကွက်မည့် လှုပ်ရှားမှုတစ်ခု ရှမ်းပြည်နယ်  (မြောက်ပိုင်း)တွင် ပထမဆုံးအကြိမ်အဖြစ် စတင်နေပြီဖြစ်သည်ဟု  တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး (၁) မိုင်းမျိုးအောင်က ပြောသည်။

ပိုက်လိုင်းတစ်လျှောက် လယ်ယာ လျော်ကြေးပေးရာတွင် မမျှတမှု၊ မိုးရွာသွန်းမှုကြောင့် ပိုက်လိုင်းဘေးရှိ စွန့်ပစ်မြေစာများ အခြားလယ်မြေများပေါ်ရောက်ရှိပြီး သီးနှံပျက်စီးမှု၊ ပိုက်လိုင်းယိုစိမ့်ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက တာဝန်ယူမည့်သူ မရှိမှုစသည့် ဒေသခံများအပေါ် ထိခိုက်နေမှုများကို ဖြေရှင်းပေးစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

 ယခုနှစ် ဇူလိုင်လမှ စတင်၍ လားရှိုး၊ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲမြို့နယ်များတွင် စုဆောင်း ရယူလျက်ရှိရာ လက်မှတ် ပေါင်း ၃၀၀၀ ခန့် ရရှိထားကာ ၅၀၀၀ ပြည့်လျှင် သမ္မတ ဦးသိန်းစိန်၊ တရုတ်ကုမ္ပဏီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသို့ ပေးပို့ ကန့်ကွက် သွားမည်ဖြစ်သည်။

''သူတို့ဒီအပေါ်မှာ တစ်စုံတစ်ရာ ဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်။ ဖြေရှင်းပေးမှု မရှိသည့် တိုင်အောင် နောက်ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်နိုင်တယ်။ တကယ်လို့ နောက်ပိုင်း အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းတွေလုပ်မယ်ဆိုရင် ပွင့်လင်းမှုတွေမရှိဘဲ အတင်းအကျပ်လုပ်တာတွေ မဖြစ်အောင်ပါ။'' ဟု မိုင်းမျိုးအောင်က ဆက်ပြောသည်။

ဓါတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းကြောင့် ပေါ်ထွက်လာသည့် မြေစာများမှာ အခြားလယ်များအတွင်းသို့ မျောပါစီးဝင်ပြီး သီးနှံများ ပျက်စီးရကြောင်း နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်ဒေသခံနှင့် တက်ကြွလှုပ်ရှားသူ တချို့ထံမှ စုံစမ်းသိရသည်။

ယခုလအတွင်း မိုးရွာသွန်းမှုကြောင့် ဂက်စ်ပိုက်လိုင်းအနီး စုပုံထားသည့် မြေစာများ မျောပါသွားပြီး ယာမြေများအပေါ် ဖုံးလွှမ်း သွားသဖြင့် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ယင်းနစ်နာမှုအတွက် သက်ဆိုင်ရာ အာဏာပိုင်များ ထံမှ တစ်ဆင့်ပိုက်လိုင်း တည်ဆောက်သည့် တရုတ် ကုမ္ပဏီများထံမှ တောင်းယူသွားရန် စီစဉ်နေကြောင်း နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာနေ တောင်သူ မိုင်းအိုက်နိုင်က ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ကျေးရွာ ၃၀ကို ဖြတ်သန်းသွားသည့် ယင်းပိုက်လိုင်းအနီးပုံထားသော မြေစာများသည် ရေတိုက်စားမှုကြောင့် အစေ့ထုတ်ပြောင်း စိုက်ခင်းများအပေါ် ဖုံးလွှမ်းသွားရာမှ သီးနှံများ ပျက်စီးသွားကြောင်း၊ ပျက်စီး သီးနှံတန်ဘိုးကို မြို့နယ်အာဏာပိုင်များနှင့် တရုတ် ကုမ္ပဏီကိုယ်စားလှယ်များ ကိုယ်တိုင် လာရောက်တွက်ချက်သွားခဲ့သည်မှာ တစ်လကျော် သွားပြီဖြစ်သော်လည်း ယခုထိ လျော်ကြေး မရသေးကြောင်း ကျောက်မဲအခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ကြည့်ရေးအဖွဲ့မှ ဦးကျော်ဝေက ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွှေဂက်စ်ပိုက်လိုင်း ဖြတ်သန်းသွားသည့် လယ်ယာမြေများကို လျော်ကြေးပေးရာတွင် အခြားသော ပြည်နယ်နှင့် တိုင်းများထက် ပိုမိုရရှိသော်လည်း ဒေသခံတောင်သူတစ်ဦးနှင့် တစ်ဦးအကြား လျော်ကြေးငွေပေးသည့်နှုန်းထားမှာလည်း မျှတမှုမရှိကြောင်း ၄င်းက ဆက်ပြောသည်။

''ကျွန်တော်က လွှတ်တော်အမတ်တစ်ယောက် (သို့) တပ်မတော်ထဲက အမှုထမ်းတစ်ယောက်၊ မြို့နယ်မှာ အာဏာပိုင်အဖွဲ့ အစည်းကတစ်ယောက်ဆိုရင် ကျွန်တော့်ရဲ့ မြေကွက်က ပိုပြီးရတာပေါ့ဗျာ။ သာမန် လယ်သမားဆိုရင်တော့ သာမန်ပဲရတာ ပေါ့။ နောက်တစ်ခု တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းရဲ့ နောက်ခံရှိရင်လည်း လျော်ကြေးက ပိုပိုသာသာရတာပေါ့ဗျာ။'' ဟု ဦးကျော်ဝေက ဆိုသည်။

ယင်းသို့ မညီမျှမှုများနှင့် ပျက်စီးမှုများအတွက် ကန့်ကွက်ရန် တအာင်းအမျိုးသမီးအဖွဲ့နှင့် အတူ ပူးပေါင်း၍ ကျေနပ်မှုမရှိသည့် ဒေသခံများထံမှ လက်မှတ်စုဆောင်းနေရခြင်းဖြစ်ပြီး လာမည့်စက်တင်ဘာလအတွင်း လက်မှတ် သတ်မှတ် အရေအတွက် ၅၀၀၀ ပြည့်မည်ဟု ခန့်မှန်းထားကြောင်း တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့မှ မိုင်းမျိုးအောင်က ပြောဆိုသည်။

ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပေးပို့ရောင်းချရန် သွယ်တန်းသည့် ဂက်စ်ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ကီလိုမီတာ ၈၀၀ ခန့် ဖြတ်သန်းမည်ဖြစ်သည်။ ၂၀၀၉ခုနှစ်တွင် တည်ဆောက်ရေး အုတ်မြစ်ချဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင်ပြီးစီးခဲ့သည်။

တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)နှင့် မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ ပူးတွဲလုပ်ကိုင်လျက်ရှိသည့် ရွှေဂက်စ်စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ နှစ် ၃၀ ကျော် ရောင်းချရာမှ အမေရိကန်  ဒေါ်လာ၂၉ ဘီလီယံ ရရှိမည်ဟု ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားသည်။

Myit Ma Kha Media Group

0 comments:

Post a Comment