Friday, August 30, 2013

ငမိုးရိပ်ရေပေးဝေရေးစီမံကိန်း အောက်တိုဘာလတွင် ပြီးစီးမည်ဟုဆို

ရန်ကုန်မြို့တော်တွင်းရှိ မြို့နယ်များသို့ သောက်သုံးရေများ ထပ်တိုးဖြန့်ဝေပေးရန် ဆောင်ရွက်လျက်ရှိသော ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း အမှတ် (၂) ကို အောက်တိုဘာလတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။


အဆိုပါ စီမံကိန်းကို ၂၀၀၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် စီမံကိန်း၏ ရေဖြန့်ဝေမှုစက်ရုံသည် ပြီးစီးလျက်ရှိကာ ရေဖြန့်ဝေပေးမည့် မြို့နယ်များသို့ ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းသာ ကျန်ရှိနေကြောင်း ၎င်းကရှင်းပြသည်။

ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း အမှတ် (၂) ပြီးစီးပါက ရေဂါလန် ၄၅ သန်းခန့် နေ့စဉ်တိုးမြှင့် ဖြန့်ဝေနိုင်မည်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များနှင့် သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်တို့သို့ သောက်သုံးရေထပ်တိုး ဖြန့်ဝေ မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ရေထပ်တိုးပေးမယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ ရေကို အချိန်နဲ့မဟုတ်ဘဲ အချိန်ပြည့်ပေးရင် ကောင်းမယ်။ ရေမပြတ်တော့ရင်တော့ အကောင်းဆုံးပဲပေါ့” ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၀) ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်ရဲကျော်က ပြောဆိုသည်။

ရန်ကုန်မြို့အတွင်း ဖြန့်ဝေလျက်ရှိသော ရေဂါလန်သန်း ၁၆၀ တွင် ၆၀ ရာခိုင်နှုန်းခန့်သည် အခွန်အခမရရှိဘဲ ပြုန်းတီးလျက်ရှိပြီး အဆိုပါ အခွန်အခမရသော ရေများထဲမှ ဂါလန် ၆၄ သန်းသည် ရေပို့ပိုက် များ ပေါက်ခြင်း၊ ရေယိုစိမ့်မှုဖြစ်ခြင်းနှင့် တရားမဝင် ရေသွယ်ခြင်းများကြောင့် အများဆုံး ပြုန်းတီးကြောင်း JICA Study Team က ဧပြီလအတွင်းက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော်တွင်း သောက်သုံးရေများကို ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန် (အမှတ်-၁) နှင့် ကော်မတီပိုင် အဝီစိတွင်းများမှ သောက်သုံးရေများကို နေစဉ် ရေဂါလန်သန်း ၁၆၀ ဖြန့်ဝေလျက်ရှိပြီး ငမိုးရိပ် ရေပေးဝေရေးစီမံကိန်း (အမှတ်-၂) ပြီးစီးပါက တစ်ရက်လျှင် သောက်သုံးရေ ဂါလန်ပေါင်း ၂၀၅ သန်း ဖြန့်ဝေနိုင် မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီ၏ စာရင်းများအရ သိရသည်။

The Voice Weekly

0 comments:

Post a Comment