Friday, August 30, 2013

ထမင်းချက် အလုပ်ပေးမည်ဟု ဆိုကာ ပြည့်တန်ဆာလုပ်ငန်း အတွက် ခိုင်းစေသည့် အိမ်ရှင် လင်မယားအား အရေးယူ

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ နန္ဒဝန် ရပ်ကွက်၌ သြဂုတ် ၂၆ ရက်က အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည်ဟု ဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့သဖြင့် အိမ်ရှင် လင်မယားအား ရဲတပ်ဖွဲ့မှ အရေးယူခဲ့ရကြောင်း မုံရွာအမှတ် (၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။


''ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ ဒီအလုပ်ကို မလုပ်ဘူး ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူက အဲဒီ ကောင်မလေး ပေါ်မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာတွေ ရှိတယ်လို့ အသက် ၁၆ နှစ်အရွယ် မမေသူဇော်က အမှုစစ် ရဲအရာရှိထံထွက်ဆိုခဲ့တယ်လို့'' ၎င်းရဲအရာရှိက ဆက်လက်၍ ပြောပြခဲ့သည်။

အမှုစစ် ရဲအရာရှိ၏ ပြောပြချက်များ အရ အဆိုပါ မိန်းကလေးငယ်သည် မုံရွာခရိုင် ကနီမြို့နယ် ကဲတောင်ကျေးရွာမှ ဖြစ်ကြောင်း၊ လွန်ခဲ့သော တစ်လခန့်က အမည်မသိ ဆိုင်ကယ်အငှားလိုက်သူ လူတစ်ဦးက မုံရွာမြို့ နန္ဒဝန် ရပ်ကွက်နေ ကိုအရှည်ကြီး (ခေါ်) ကိုဇော်မင်းလွင် ၎င်း၏ ဇနီးမထား(ခေါ်) မစန်းစန်းနွယ် ဆိုသူတို့၏ နေအိမ်၌ ထမင်းချက် အလုပ်ကို လုပ်ကိုင် နေထိုင်ရန် ပို့ဆောင် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၆ ရက် ညနေပိုင်းက အိမ်ရှင်လင်မယား နေအိမ်၌ အလုပ်ရှုပ်နေစဉ် အဆိုပါ မိန်းကလေးငယ် သည် အိမ်နောက်ဖေး သွားဦးမည်ဟု ဆိုကာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက် မုံရွာ အမှတ် (၂) ရဲစခန်းသို့ လာရောက်၍ သူမ၏ ဖြစ်စဉ်ကို ဖွင့်ဟ ပြောဆိုပြီး တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထိုအမှုနှင့် ပတ်သက်၍ မမေသူဇော်၏ တိုင်တန်းချက် အပေါ် ရဲစခန်းက(ပ) ၃၇၉/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃၇၃ အရ ရေးဖွင့် လက်ခံခဲ့ပြီး အိမ်ရှင် လင်မယား နှစ်ဦးအပေါ် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည။်

မြ၀တီ

0 comments:

Post a Comment