Friday, August 30, 2013

ဆီးရီးယားအရေး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရန် တရုတ် တိုက်တွန်း



ဆီးရီးယားအရေး၌ တင်းမာမှုများ မြင့်တက်နေခြင်းကြောင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီက တိုက်တွန်းလိုက်ပြီး စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ပါက အရှေ့အလယ်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုများ ပိုမို ဆိုးရွားလာမည်ဟု သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။


ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုများကို ဆီးရီးယားအစိုးရ တပ်ဖွဲ့များက ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်း ပြုလုပ်ခဲ့ခြင်းကြောင့် အရေးယူမှု များ ပြုလုပ်သွားမည်ဟု သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့တွင် ကတိပြု ပြောကြားခဲ့သည်။

သို့သော်လည်း အရှေ့အလယ်ပိုင်း စစ်ပွဲ တစ်ရပ်တွင် ထပ်မံ နွံနစ်မည် စိုးခြင်းကြောင့် စစ်ဘက် အရေးယူ တိုက်ခိုက်မှုများ ပြုလုပ်ပါကလည်း အကန့်အသတ်ဖြင့်သာ ပြုလုပ်မည်ဟု သမ္မတက ရှင်းရှင်းလင်း လင်း ပြောကြားထားသည်။

စစ်ရေးအရ တိုက်ခိုက်မှုများသည် မည်သို့မျှ အထောက်အကူရမည် မဟုတ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပြီး ဓာတု လက်နက် အသုံးပြုမှုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဆန့် ကျင်ကြောင်း ထပ်မံ ကြေညာလိုက်သည်။

“ဆီးရီးယားအရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းလို့ ရမှာပါ” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ကြေညာ ချက် ထုတ်ပြန်သည်။

ဓာတုလက်နက် အသုံးပြုကြောင်း စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂအဖွဲ့ ဆီးရီး ယား နိုင်ငံတွင်းသို့ ရောက်ရှိနေပြီး အဖွဲ့၏ တွေ့ရှိချက် မတိုင်ခင် ကြိုတင် ဆုံးဖြတ်ချက်များ မချသင့်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းသည်။

“ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိဖို့နဲ့ တည်ငြိမ်ကြဖို့ တရုတ်က တိုက်တွန်း ပါတယ်” ဟု ဝန်ရီက ပြောကြားသည်။

သို့သော်လည်း ဆီးရီးယားနိုင်ငံကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်နိုင်ခွင့် ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံ ထောက်ခံပေးရန် ဗြိတိသျှနိုင်ငံက လိုက်လံ စည်းရုံးလျက် ရှိပြီး ယင်း ကမ်းလှမ်းချက်ကို ရုရှားနှင့် တရုတ်နိုင်ငံတို့က ဆန့်ကျင်မည်ဟု ယူဆရသည်။

ယင်းကဲ့သို့သော ကမ်းလှမ်းချက်များမှာ မော်စကိုကို အထီးကျန် ဖြစ်စေ ရန်နှင့် အနောက်အုပ်စု လေကြောင်း တိုက်ခိုက်မှုကို ထောက်ခံသည့် မဟာမိတ်များ တိုးပွားလာရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း အနောက်တိုင်း သံတမန်များက သုံးသပ်ထားသည်။

ဆီးရီးယားသမ္မတ အာဆတ်အပေါ် ကုလသမဂ္ဂ အရေးယူမှုများ ချမှတ်ရန် အနောက်နိုင်ငံများက အတိတ်ကာလက ကြိုးပမ်းခဲ့သော်လည်း တရုတ်နှင့် ရုရှားနိုင်ငံများက ဗီတိုအာဏာသုံး ပယ်ချမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါအရေးတွင် မည်သည့်ဘက်ကိုမျှ တရုတ်နိုင်ငံက ထောက်ခံလိုခြင်း မရှိဘဲ အတိုက်အခံများနှင့် ဆွေးနွေးရန် ဆီးရီးယား အစိုးရကို တိုက်တွန်း ထားပြီး ကြားဖြတ် အစိုးရတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း တရုတ်နိုင်ငံ က တောင်းဆိုထားသည်။

The Voice Weekly

0 comments:

Post a Comment