Friday, August 30, 2013

ရတနာ့ဂူပွဲတွင် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် လုံခြုံရေးချ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ငယ်တိုး ရပ်ကွက်တွင် နှစ်စဉ် ကျင်းပ ပြုလုပ်သော ရတနာ့ဂူ ပွဲတော်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော် ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


အဆိုပါပွဲတော်တွင် လုယက်မှု၊ ခိုက်ရန် ဖြစ်ပွားမှုများ ကျဆင်းစေရန်အတွက် ယမန်နှစ်ကထက် လုံခြုံရေး အင်အား ၁၀ ဦးခန့် တိုးချဲ့ ထားရှိ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ထပ်မံ ပြောကြား သည်။

“ပြီးခဲ့တဲ့ နှစ်တွေကတော့ လုံခြုံရေး အင်အားကို ၉၀ လောက်ပဲ ချထားတာ။ ဒီနှစ်ကို မှုခင်း ကျဆင်းဖို့ အတွက် လုံခြုံရေး အင်အား တိုးထားတာ။ ယာဉ်ထိန်းရဲကတော့ ရှစ်ယောက်ပါ” ဟု အဆိုပါရုံးမှ ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။

နှစ်စဉ် ကျင်းပလျက်ရှိသော ရတနာ့ဂူ နတ်ပွဲတွင် ပြီးခဲ့သည့်နှစ်၌ နတ်နန်း တစ်ခုတွင် ကနေရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

မတ္တရာမြို့နယ်ရှိ တောင်ပြုန်း ကျေးရွာတွင် ကျင်းပသည့် တောင်ပြုန်းပွဲတွင် ရဲတပ်ဖွဲ့ဝင်၊ မီးသတ် တပ်ဖွဲ့ အပါအဝင် အင်အား ၃၀၀ ကျော် ထားရှိကြောင်း ပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။

ရတနာ့ဂူ နတ်ပွဲကို တောင်ပြုန်းပွဲတော်အပြီး ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် သြဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

The Voice Weekly

0 comments:

Post a Comment