Friday, August 30, 2013

ကျန်ရှိနေသေးသည့် နယ်မြေရဲကင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲစခန်းများ၌ CCTV ကင်မရာများ တပ်ဆင်သွားမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျန်ရှိနေသော နယ်မြေ ရဲကင်းများ သာမက တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲစခန်းများ၌ CCTV ကင်မရာများ ဆက်လက် တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

အဆိုပါ CCTV ကင်မရာ တပ်ဆင်ရခြင်းသည် ရဲနှင့်ပြည်သူများ အကြား ပွင့်လင်းမြင်သာမှု ရှိစေရန်၊ ရဲစခန်းသို့ စတင်ရောက်ရှိချိန်မှ စတင်၍ အမှုဖွင့် အရေးယူ ဆောင်ရွက်ခြင်းများ၊ စစ်ဆေးမှုများ ဆောင်ရွက်ရာ၌ ပြည်သူနှင့် ရဲဝန်ထမ်းများ အကြား ထင်သာမြင်သာ ရှိစေရန် ဖြစ်ကြောင်း သိရသည်။

ယခင်က ရဲစခန်းများ အတွင်းရှိ အချုပ်ခန်းများတွင် CCTV ကင်မရာ တပ်ဆင်ပေးမှုသည် ရန်ကုန်တိုင်း ဒေသကြီးရှိ အချို့သော မြို့နယ်များတွင်သာ တပ်ဆင်ပေးနိုင်ခဲ့ပြီး ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းရှိ မြို့နယ် ရဲစခန်းများ အားလုံးနီးပါး တပ်ဆင်နိုင်အောင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းတပ်ဆင်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ အပေါ် ယုံကြည်မှု ပိုမို ရရှိလာမည်ဖြစ်ပြီး လိုအပ်ပါက စစ်ဆေးချက်များ၊အသံဖိုင်နှင့် တကွ CCTV ကင်မရာများတွင် ပြန်လည် ကြည့်ရှုနိုင်အောင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ဝန်ထမ်းများ စည်းကမ်း ချိုးဖောက်မှု များကိုလည်း ဖြေရှင်း အရေးယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိ ရဲစခန်း စုစုပေါင်း ၄၅ ခု၌ တပ်ဆင်ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ရဲစခန်းများတွင် ဆက်လက် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ

0 comments:

Post a Comment