Friday, August 30, 2013

ရဲများက အနံ့ခံခွေးများကို လူကဲ့သို့ ရိုးရာပုံစံ မင်္ဂလာဆောင်ပေးခြင်းကို သီရိလင်္ကာ ယဉ်ကျေးမှု ဝန်ကြီး ပြစ်တင်


ဗုဒ္ဓဘာသာဝင်ဦးရေ အများစုရှိသော သီရိလင်္ကာနိုင်ငံတွင် ဗုံးစသော ပေါက်ကွဲစေတတ်သည့် လက်နက်များကို အနံ့ခံ ရှာဖွေသည့် ရဲဘက်သုံး ခွေးများကို သီရိလင်္ကာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း မင်္ဂလာဆောင်ပေးခဲ့ခြင်းကို သီရိလင်္ကာ ယဉ်ကျေးမှု ဝန်ကြီး က ပြစ်တင် ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


သီရိလင်္ကာ ရဲတပ်ဖွဲ့သည် အနံ့ခံခွေး စုံတွဲ ကိုးတွဲကို ကန်ဒီမြို့၌ အခမ်းအနား ပြင်ဆင်ထားသော ပလက်ဖောင်း တစ်ခုတွင် လက်ထပ် မင်္ဂလာပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာဆောင်သည့် ခွေးများတွင် ခွေးသတို့သမီးများကို လက်အိတ်များ၊ ဦးထုပ် အဖြူများ၊ လည်ပင်းတွင် ပဝါများ ဝတ်ဆင်ပေးထားပြီး၊ ခွေး သတို့သားများကိုလည်း လည်ပတ် အနီများကို ဝတ်ဆင်ပေးထားသည်။

နယ်သာလန်နိုင်ငံမှ ဝယ်ယူနေရ သော လုံခြုံရေးသုံး အဆိုပါ အနံ့ခံ ခွေး များကို ယခုကဲ့သို့ ရိုးရာ အခမ်းအနားဖြင့် မင်္ဂလာဆောင်ပေးခြင်း သည် ပြည်တွင်း၌ပင် မျိုးပွားစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောကြားသည်။

သို့သော် ၎င်းတို့၏ ယခုကဲ့သို့ ရိုးရာ အခမ်းအနားဖြင့် မင်္ဂလာဆောင်ပေး ခဲ့သည့် လုပ်ရပ်ကိုမူ ပြန်လည် တောင်းပန်ပါကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲအရာရှိများ၏ လုပ်ရပ်သည် သီရိလင်္ကာ ရိုးရာ မင်္ဂဆောင် အခမ်းအနားကို မလေးမစား တန်ဖိုး နှိမ့်ချလိုက်ခြင်း ဖြစ်ကြောင်း သီရိလင်္ကာ ယဉ်ကျေးမှု ဝန်ကြီး တီဘီအီ ခန်နာရာကီက ပြစ်တင် ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ထုံးတမ်း တန်ဖိုးတွေအရ ဒီလုပ်ရပ်ဟာ လက်သင့်ခံနိုင်စရာ မရှိပါဘူး” ဟု ၎င်းက ဝေဖန် ပြောကြားသည်။

ယခုလုပ်ရပ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် သီရိလင်္ကာ ယဉ်ကျေးမှု ဝန်ကြီးက သီရိလင်္ကာ ရဲချုပ်ကို စာဖြင့် အကြောင်းကြား ထားကြောင်း ယဉ်ကျေးမှု ဝန်ကြီး တီဘီအီခန်နာရာကီက ပြောကြားသည်။

သီရိလင်္ကာသည် ၂၀၁၁ ခုနှစ်က လုံခြုံရေးသုံး အနံ့ခံ ခွေးများကို နယ်သာလန်နိုင်ငံမှ ရူပီးငွေ ၇၅ သန်း (အမေရိကန် ဒေါ်လာ ၅၂၆၀၀၀) အကုန်အကျခံ၍ ဝယ်ယူခဲ့ရသည်။

ယခုကဲ့သို့ အဆိုပါ အနံ့ခံ ခွေးများကို ပြည်တွင်း၌ မျိုးပွားခြင်း အစီအစဉ် အရ ငွေကြေး ကုန်ကျမှု သက်သာစေပြီး၊ မွေးလာသည့် ခွေးများမှာလည်း သီရိလင်္ကာ ရာသီဥတုနှင့် ပိုမို ကိုက်ညီသွားလိမ့်မည် ဖြစ်ကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါ ခွေးမင်္ဂလာဆောင် အခမ်းအနား ကျင်းပသည့် လမ်းမတွင် ဖိတ်ကြားထားသော ဧည့်သည် ၁၀၀၀ ကို ရဲတပ်သားများက နို့ထမင်းများ၊ ကိတ်မုန့်များဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့ကြပြီး၊ မင်္ဂလာပွဲ အပြီးတွင် အဆိုပါခွေးများကို ရဲကားများဖြင့် တင်၍ နျူဝါရအီလီယ တောင်ပေါ် အပန်းဖြေ စခန်းသို့ ပျားရည်ဆမ်း ခရီးအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment