Friday, August 30, 2013

ဖွံ့ဖြိုးမှုနောက်အကျဆုံး စာသင်ကျောင်းများအတွက် ဒေါ်လာသန်း ၆၀ အသုံးပြုမည်

ကမ္ဘာ့ဘဏ်မှရရှိသော ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အနက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများရှိ စာသင်ကျောင်း တစ်သောင်းကျော်အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမ အစည်းအဝေးတွင် ပြောကြားသည်။


ယင်းအသုံးစရိတ်များကို ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးစွဲသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှတစ်ဆင့် ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သွားရေးလာရေး ခက်ခဲသောကြောင့် D အဆင့်၊ E အဆင့် သတ်မှတ်ထားသော စာသင်ကျောင်း ၁၆,၃၈၇ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ သိန်း ၂၀ နီးပါးအတွက် ဘဏ္ဍာနှစ်အလိုက် ပံ့ပိုးသွားရန် စီစဉ်ထားကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ဆက်လက်ပြောဆိုသည်။

ယင်းရရှိသော အသုံးစရိတ် ပမာဏများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်း စတင်သုံးစွဲမည်ဖြစ်ပြီး D နှင့် E အဆင့်ရှိ ကျောင်းများအတွက် ၂ ဒသမ ၅ ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ သန်းကို ကျောင်းသား၊ ကျောင်းသူ ၇ ရာခိုင်နှုန်းအတွက် အသုံးပြုမည် ဖြစ်ကြောင်း အလားတူ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်လည်း ဒုတိယဘဏ္ဍာနှစ်အတိုင်း အသုံးပြုရန် စီစဉ်ထားကြောင်း ဒေါက်တာဇော်မင်းအောင်က ရှင်းလင်းတင်ပြသည်။

မြို့နှင့်အလှမ်းအဝေးဆုံး စာသင်ကျောင်းများ အခက်အခဲများတွင် ဆရာ၊ ဆရာမ မပြည့်စုံခြင်း၊ ကလေးသူငယ်များ ပညာသင်ကြားခွင့် နည်းပါးခြင်းနှင့် အဆောက်အအုံနှင့် ပရိဘောဂများ မပြည့်စုံခြင်းတို့ ကြုံတွေ့နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး (ငြိမ်း) က The Voice သို့ ဆိုသည်။

အခြေခံပညာကျောင်းများကို ကျောင်းအဆင့် ပြန်လည် ခွဲခြမ်းရာတွင် မြို့တွင်းရှိ စာသင်ကျောင်းများကို A အဆင့်၊ မြို့ပြင် ကားလမ်းဘေး ကျောင်းများကို B အဆင့်၊ မြို့ပြင်မှ တစ်ဆင့်ပြန်သွားရသည့် ကျောင်းများကို C အဆင့်၊ နေ့ချင်း မပြန်နိုင်သော ကျောင်းများကို D အဆင့်နှင့် တစ်ပတ်မှတစ်ခါ ပြန်နိုင်သော ကျောင်းများကို E အဆင့်အသီးသီး သတ်မှတ်ထားသည်။

The Voice Weekly

0 comments:

Post a Comment