Friday, August 30, 2013

အိန္ဒိယထိပ်သီး မူဂျာဟစ်ဒင်ခေါင်းဆောင် ဖမ်းမိ


အိန္ဒိယတွင် မကြာသေးခင်က ဖြစ်ခဲ့သည့် တိုက်ခိုက်မှုများ၏ လက်သည်ဟု ယူဆရသူ ယာဆင် ဘက်ကယ်ဆိုသည့် အိန္ဒိယ မူဂျာဟစ်ဒင် စစ်သွေးကြွ အဖွဲ့ ထိပ်သီးခေါင်းဆောင်ကို ရဲတပ်ဖွဲ့က လက်ရ ဖမ်းဆီးနိုင်ခဲ့ ပြီ ဖြစ်ကြောင်း BBC သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။


၎င်းသည် အိန္ဒိယ မွတ်ဆလင် စစ်သွေးကြွ အဖွဲ့ကို ပူးတွဲ တည်ထောင် ခဲ့သူလည်း ဖြစ်ပြီး အိန္ဒိယ ရဲတပ်ဖွဲ့က အလိုအရှိဆုံး အကြမ်းဖက်သမား လည်း ဖြစ်သည်။

၎င်းကို နီပေါ နယ်စပ်နားတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြထား သည်။

“ယာဆင်ဘက်ကယ်ကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပြည်နယ် ဘီဟာမှာ ပြီးခဲ့တဲ့ညက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီး ဆူရှီးကူးမားရှင်ဒီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘီဟာ ရဲတပ်ဖွဲ့က ၎င်းကို စစ်ဆေးလျက်ရှိပြီး အသက် ၃၀ အရွယ် အဆိုပါ အကြမ်းဖက်သမားကို ဒေလီသို့ ပြန်လည် ခေါ်ဆောင်လာမည် ဖြစ်ကြောင်း အိန္ဒိယပြည်တွင်း မီဒီယာများက ဖော်ပြထားသည်။

၎င်း၏ နာမည်အရင်းမှာ မိုဟာမက် အာမက်ဇာရာစီဒီဘက်ပါဟု ယူဆရပြီး ၎င်းတွင် နာမည်ဝှက်လည်း အမျိုးမျိုး ရှိသည်ဟု အာဏာပိုင်များက ပြောဆို ကြသည်။

ဘက်ကယ်နှင့်အတူ ၎င်းနှင့် တစ်ဂိုဏ်းတည်းသားချင်း အဆာဒူလာအက်တာ ကိုလည်း တစ်ပါတည်း ဖမ်းမိခဲ့သည်ဟု အိန္ဒိယ မီဒီယာများက ဖော်ပြ ထားသည်။

၎င်းတို့၏ အဖွဲ့အစည်းကို အိန္ဒိယ အစိုးရက မတရားအသင်း ကြေညာ ထားပြီး ပြွန်းမြို့မှ ဂျာမန် ကိတ်မုန့်ဆိုင်ကို တိုက်ခိုက်ခဲ့ရာမှ လူ ၁၇ ဦး သေဆုံးပြီး ၆၄ ဦး ဒဏ်ရာ ရရှိခဲ့ခြင်းကို ယင်းအဖွဲ့၏ လက်ချက်ဟု စွပ်စွဲထားသည်။

၂၀၁၁ ခုနှစ်က လူ ၂၇ ဦး သေဆုံးခဲ့သော မွန်ဘိုင်းတွင် ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှုများတွင်လည်း အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့က တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း အာဏာပိုင်များက စွပ်စွဲထားသေးသည်။

The Voice Weekly

0 comments:

Post a Comment