Friday, August 30, 2013

တိုက်နယ်ဆေးရုံများတွင် ဆရာဝန်ထားပေးရန် RNDP အတွင်းရေမှူး တစ်ကိုယ်တော် ဆန္ဒပြမည်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တိုက်နယ်ဆေးရုံများတွင် ဆရာဝန် မရှိသည်မှာ နှစ်ချီ ကြာမြင့်နေပြီ ဖြစ်သဖြင့် ဆရာဝန် ချထားပေးရန် သြဂုတ်လ ၂၉ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အတွင်းရေးမှူး ဦးထွန်းထွန်းဦးက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ ကာယကံရှင်က ပြောကြားသည်။

ရမ်းဗြဲမြို့နယ်ရှိ လေးတောင်နှင့် စကုတိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိ၍ ဒေသခံများအတွက် အခက်အခဲ ဖြစ်နေသဖြင့် ဆရာဝန်များ တာဝန်ချထားပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဆိုသည်။

ရမ်းဗြဲမြို့နှင့် ၁၆ မိုင်ခန့် ဝေးကွာသည့် လေးတောင် တိုက်နယ်ဆေးရုံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ဆရာဝန် မရှိတော့ခြင်းဖြစ်ပြီး မြို့နှင့် မိုင် ၂၀ ကျော်ခန့် ဝေးကွာသည့် စကုတိုက်နယ်ဆေးရုံတွင်လည်း ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ဆရာဝန် မရှိတော့ခြင်း ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

“နေမကောင်းဖြစ်ရင် ရမ်းဗြဲမြို့ကို ပြေးနေရတယ်။ အချိန်ရော ငွေရောကုန်တယ်။ အရေးပေါ်ဖြစ်ရင် အခက်အခဲရှိတယ်” ဟု ဦးထွန်းထွန်းဦးက ထပ်မံပြောကြားသည်။

ဆန္ဒဖော်ထုတ်ရာတွင် အဆိုပါ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ အမြန်ဆုံးချပေးရန် စာသားပါသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဇရပ်ပြင်ကျေးရွာမှ ရမ်းဗြဲမြို့သို့ ၁၆ မိုင်ခရီး တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း၊ တရားဝင် ခွင့်ပြုချက်ဖြင့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရမ်းဗြဲမြို့နယ်တွင် တိုက်နယ်ဆေးရုံ သုံးခုရှိပြီး ကျောက်နီမော် တိုက်နယ်ဆေးရုံတွင်သာ ဆရာဝန် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment