Thursday, August 29, 2013

ကာဂျစ်စတန်တွင် ပလိပ်ရောဂါ ပြန်လည်ဖြစ်ပွားနေ

ကာဂျစ်စတန်နိုင်ငံ ကျေးလက်ဒေသတစ်ခုမှ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ပလိပ်ရောဂါဖြင့် သေဆုံးသွားခဲ့ခြင်းကြောင့် ထိတ်လန့်မှုများမြင့်တက်ခဲ့သော်လည်း အခြေအနေများ ပြန်လည်တည်ငြိမ် သွားပြီဖြစ်ကြောင်း သြဂုတ် ၂၉ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

သေဆုံးသွားသည့်လူငယ်နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သူများအားရောဂါ ကူးစက်သည့် လက္ခဏာ များမတွေ့ရှိကြောင်း ဆရာဝန်များကအတည်ပြုပြောကြားလိုက်သည့်အတွက် ယခုကဲ့သို့ အခြေအနေ များ တည်ငြိမ်ခဲ့ရသည်။

Ichke-Zhergez ကျေးရွာမှ သိုးကျောင်းသားတစ်ဦးဖြစ်သူ Temirbek Isakunov သည် လွန်ခဲ့သော ကြာသပတေးနေ့တွင် ဆေးရုံ၌သေဆုံးသွားခဲ့သည်။ ၎င်းမှာ တွင်းအောင်းသတ္တ၀ါတစ်ကောင်အား ချက် ပြုတ်စားသောက်ခဲ့သည့်အတွက် ယခုကဲ့သို့ကူးစက်ခံရသည်ဟု ယူဆထားသည်။

Temirbek Isakunov သေဆုံးသွားသည့်နောက်ပိုင်းတွင် ၎င်းနှင့်ထိတွေ့ဆက်ဆံမှုများရှိခဲ့သည်ဟု အတည်ပြုခဲ့သူ ၁၆၂ ဦးအား ဆေးရုံတွင်ခွဲထားခဲ့ပြီး ဆေးဝါးကုသစောင့်ရှောက်မှုများပေးခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“ရောဂါကူးစက်ခြင်းခံရသူ တစ်စုံတစ်ဦးမျှမရှိ” ယင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ပလိပ် ရောဂါဖြင့် သေဆုံးသွားသူမှာ ကာဇက်စတန်နှင့် တရုတ်နိုင်ငံနယ်စပ်ဒေသဖြစ်သော Ak-Suu ခရိုင်အရှေ့ ဖျားဒေသတွင်နေထိုင်သူ ဖြစ်သည်။ ယင်းဒေသမှာ ကမ္ဘာလှည့်ခရီးသွားများသွားရောက် လည်ပတ်သည့် Issyk-Kul ရေကန်နှင့်လည်း နီးစပ်သည်။

လွန်ခဲ့သောအင်္ဂါနေ့တွင် ပလိပ်ရောဂါ ဖြစ်နိုင်ချေရှိသည့် လက္ခ ဏာများ စစ်ဆေးတွေ့ရှိခဲ့သူ သုံးဦးမှာဆေးရုံတွင်ရှိနေဆဲဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်မှုအရ ပလိပ်ရောဂါ မဟုတ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဆရာဝန် ၃၀၀ ကျော်မှာလည်း ရောဂါဖြစ်ပွားခဲ့သည့်ဒေသသို့ သွားရောက်ကာ ဒေသခံများအား ဆေးစစ် ခဲ့သည့်အပြင် ရောဂါဖြစ်ပွားခဲ့ကြောင်း အသိပေးခဲ့သည်။ တစ်ချိန်တည်းတွင် အာဏာပိုင်များမှ ကန့်သတ် ဇုန်များသတ်မှတ်ကာ ရဲများဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment