Thursday, August 29, 2013

မြန်မာ့ရွှေဈေးအတက်အကျမြန်ပြီး ဆက်လက်မြင့်တက်လျက်ရှိနေ

DSC_0012 copy

မြန်မာ့ရွှေဈေးသည်ယခုလအတွင်းအတက်အကျမြန်ပြီးရက်ပေါင်းဆယ်ရက်အတွင်း ကျပ်နှစ်သောင်းခန့် မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။


ထိုသို့ဈေးနှုန်းမြင့်နေသော်လည်း အရောင်းအ၀ယ် ဈေးကွက်အတွင်း အခေါက်ရွှေများ အရောင်း အ၀ယ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှုး ဦးဝင်းမြင့်က ပြောကြားသည်။

“ရွှေဈေးကတော့ ဒီရက်ပိုင်းမှာ အတက်အကျလဲမြန်တယ်၊ အရောင်းအ၀ယ်လဲ လိုက်လာတယ်။ ဈေးကွက်ဖွင့်ချိန်မှာ တစ်မျိုးနဲ့ ဈေးကွက်ပိတ်ချိန်မှာ တစ်မျိုး ဈေးနှုန်းပြောင်းလဲမှု ဖြစ်ပေါ်လေ့ရှိပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

ပြည်တွင်းရွှေဈေးကွက် မြင့်တက်လာခြင်းမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့်လည်း ဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ စီးပွားရေးအတက်အကျ များသည်လည်း ပြည်တွင်းရွှေဈေးကွက်ကို ရိုက်ခတ်လေ့ရှိကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေဈေးကွက်တွင် ယခု ၂၀ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၄၃၀၀ ရှိရာမှ ယခုလ၂၉ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၇၂၅၀၀၀ ထိဈေးပေါက် လျက်ရှိကြောင်း ဈေးကွက်သတင်းအချက်အလက်များအရ သိရသည်။

ယခုလ အတွင်း ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း ပြီးခဲ့သည့် ဆယ်ရက်အတွင်းက ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၅၈.၄၃ ရှိရာမှ ၂၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၄၀၇.၄ ရှိကြောင်း၊ ယင်းအပြင် ပြည်တွင်း ငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှုကြောင့်လည်း ရွှေဈေးနှုန်းများ လိုက်ပါမြင့်တက် လာခဲ့ခြင်းဖြစ်နိုင်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment