မဂ္ဂါဝပ် ၁၄၀၀ ထွက်ရှိမည့် ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်းကို တရုတ် Hanergy
Holding ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူစာချုပ်
Joint Ventrue Agreement ကို ယခုနှစ်အတွင်း ချုပ်ဆိုရန် စီစဉ်နေသည်ဟု
သိရသည်။
"JVA ထိုးဖို့ တရုတ်ကုမ္ပဏီနဲ့ ညှိနှိုင်းဆောင်ရွက်နေတုန်းပါ။ စီမံကိန်းက ရှမ်းပြည်အတွက်လည်း အထောက်အကူပြုတယ်။ တစ်နိုင်ငံလုံးအတွက်လည်း အထောက်အကူပြုတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကရတဲ့ ဓာတ်အားကို မဟာဓာတ်အားလိုင်းကနေ တစ်နိုင်ငံလုံးကို ဖြန့်သွားမှာဖြစ်တယ်"ဟု ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် က ပြောသည်။
ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ သံလွင်မြစ်ပေါ်တွင် တည်ရှိသည်။ စီမံကိန်းကို ၇နှစ်အတွင်း အပြီးဆောက်လုပ်မည်ဖြစ်ကာ တရုတ်ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ရာနှုန်းပြည့် ရင်းနှီးမြှပ်နှံကာ မြန်မာအစိုးရအနေဖြင့် ၁၀ရာခိုင်နှုန်းကို အခမဲ့ရှယ်ယာပိုင်ဆိုင်ခွင့် ရမည်ဖြစ်သည်။ စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၁၅ရာခိုင်နှုန်း (၂၁၀ မဂ္ဂါဝဂ်) သည် မြန်မာနိုင်ငံအတွက်ဖြစ်ပြီး မဟာဓာတ်အားလိုင်းအတွင်းသို့ ရောက်ရှိမည်ဟုဆိုသည်။
" စာချုပ်မူကြမ်းကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ နောက်ဆုံးအဆင့် ရောက်နေပါပြီ" ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရေး ဦးစီးဌာနက အဆင့်မြင့်အရာရှိတစ်ဦးက အတည်ပြု ပြောသည်။
ကွမ်းလုံရေအားလျှပ်စစ်မှ ထွက်ရှိမည့် လျှပ်စစ်ကို တရုတ်ကုမ္ပဏီက အခြားနိုင်ငံသို့ ရောင်းချမည်ဆိုပါက ကုန်သွယ်ခွန်၊ ဝင်ငွေခွန်စသည့် မြန်မာနိုင်ငံက ခံစားခွင့် ၅မျိုး ရရှိမည်ဟု ၎င်းက ဆက်ပြောသည်။
စီမံကိန်းဆောင်ရွက်မှုကို ၂၀၀၇ခုနှစ်၊ ဧပြီလတည်းက MOU (နားလည်မှုစာချွန်လွှာ) ထိုးထားခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု စစ်တမ်း EIA၊ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု စစ်တမ်း SIA တို့ကို ခြောက်လကြာပြုလုပ်ခဲ့ပြီး သစ်တောရေးရာဝန်ကြီးဌာနသို့ အစီရင်ခံစာ တင်ထားသည်ဟု ၎င်းက ဆိုသည်။
စီမံကိန်းဆောင်ရွက်မည့် တရုတ် Hanergy Holding ကုမ္ပဏီနှင့် ဆောက်လုပ်ခွင့်ရရှိထားသည့် Asia World ကုမ္ပဏီတို့က ပြည်နယ်ဝန်ကြီးအား တွေ့ဆုံရန် ၂၀၁၃ခုနှစ် သြဂုတ်လ ၂၉ရက်က စာဖြင့်အကြောင်းကြား ခဲ့ကြောင်း သိရသည်။
“EIA၊ SIA၊ HIA ကို သူတို့လုပ်လား မလုပ်လားတော့ မသိဘူး။ ကျွန်တော်တို့ကို တရုတ်ကုမ္ပဏီက အခုမှ တွေ့ဖို့ တောင်းဆိုထားတယ်။ တွေ့ရင်တော့ ဒီစီမံကိန်းကြောင့် ရေဝပ်ဧရိယာကဘယ်လောက်၊ ထိခိုက်မှုက
ကျေးရွာကဘယ်နှရွာ၊ အိမ်ထောင်စုဘယ်လောက်၊ လယ်မြေဘယ်လောက်၊ သစ်တောဧရိယာဘယ်လောက် ပါမယ်ဆိုတာကို မေးမြန်းရမယ်" ဟု ဦးစိုင်းထွန်းရင်က ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့က Coordinator ကိုဆိုင်းခေးဆိုင်က "ကွမ်းလုံစီမံကိန်းက သံလွင်မြစ် အပေါ်ဆုံးမှာဖြစ်နေတယ်။ ဒီရေကာတာ ဆောက်ရင် တရုတ်နယ်စပ်အထိ ရေကအိုင်တက်သွားမယ်။ လျှံတက်သွားမှာဖြစ်တယ်။ ရေလွှမ်းမိုးမှုတွေဖြစ်မယ်။ အဲဒီ့နားမှာရှိတဲ့ ရွာတွေရယ် ကွမ်းလုံသွားရာ လမ်းကြောင်း က ရွာတွေက ထိခိုက်မှုရှိနိုင်တယ်ခင်ဗျ။ အစိုးရအနေနဲ့ ပြည်သူတွေကို ချပြသင့်တယ်"ဟု သုံးသပ်ပြောကြားသည်။
သံလွင်မြစ်ပေါ်တွင် ကွမ်းလုံရေအားလျှပ်စစ်စီမံကိန်း အပါအဝင် နောင်ဖ၊ မန်တောင်း၊ မိုင်းတုံ (တာဆန်း)၊ ရွာသစ်၊ ဟက်ကြီး အမည်ရှိ ရေကာတာ ခြောက်ခုကို တရုတ်ကုမ္ပဏီများက တည်ဆောက်မည်ဖြစ်ပြီး မိုင်းတုံနှင့် ဟက်ကြီးရေကာတာတို့ကို တရုတ်အပြင် ထိုင်းနိုင်ငံ EGATကုမ္ပဏီတို့က အဓိကရှယ်ယာပါဝင်မည်ဖြစ်သည်။ မိုင်းတုံရေအား လျှပ်စစ်အတွက် တရုတ်ကုမ္ပဏီတစ်ခုနှင့် MOU ထိုးပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကာ နောင်ဖနှင့် မန်တောင်းတို့ကို မကြာမီ MOA ထိုးမည်ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment