Thursday, August 29, 2013

ဆစ်ဒနီအနောက်ပိုင်းမှာ အတိုက်အခံနိုင်မယ်လို့ ပြသနေ

သြစတြေးလျနိုင်ငံ ​အထွေထွေရွေးကောက်ပွဲ ​မကျင်းပခင် ​တပတ်ကျော်အလိုမှာပဲ ​ကြိုတင်ကောက်တမ်း တစ်ခု ​ထပ်မံထွက်ပေါ်လာပြီး ​ကောက်တမ်းအရ ​အရင် ​ရွေးကောက်ပွဲတုန်းက ​အတိုက်အခံပါတီနဲ့ ​အစိုးရပါတီတို့ ​အပြတ်အသတ် ​မဲအသာရမှု ​မရှိခဲ့တဲ့ ​နေရာမှာ ​အစိုးရပါတီ ​လုံးဝ ​ရှုံးနိမ့်သွားနိုင်တယ်လို့ ​ပြသနေပါတယ်။


အတိုက်အခံ ​လီဘရယ်ပါတီကို ​ကြိုက်နှစ်သက်မှုက ​၅၄% ​ရှိနေပြီး ​အတိုက်အခံပါတီသာ ​အနိုင်ရမယ်လို့ ​ပြသနေတာ ​ဖြစ်ပါတယ်။ ​ကောက်တမ်းမှာ ​ဝင်ရောက်ဖြေဆိုသူ ​လူပေါင်း ​၄ ​ပုံ ​၃ ​ပုံကလည်း ​အတိုက်အခံသာ ​အနိုင်ရမယ်လို့ ​ယုံကြည်ကြောင်း ​ဖြေဆိုထားကြပြီး ​လက်ခံနိုင်တဲ့ ​အမှားပမာဏက ​၃.၅ ​% ​ရှိတယ်လို့ ​သိရပါတယ်။

စက်တင်ဘာလ ​၇ ​ရက် ​ရွေးကောက်ပွဲအတွက် ​နိုင်ငံရေးပါတီတွေ ​အပြိုင်မဲဆွယ်နေကြပြီး ​သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ် ​ကယ်ဗင်ရဒ်က ​ဒီကနေ့မှာ ​ပတ်သ်မြို့ကို ​ဒုတိယအကြိမ် ​မဲဆွယ်စည်းရုံးရေး ​ဆင်းနေပါတယ်။

ဒီခရီးစဉ်အတွင်း ​မြို့ပြ ​အခြေအနေတိုးတက်အောင် ​ဆောင်ရွက်မယ်လို့ ​ပြောဆိုဖို့ရှိပြီး ​အစိုးရပါတီအနေနဲ့ ​ရွေးကောက်ပွဲမှာ ​အနိုင်ရမယ်ဆိုရင် ​မြို့ပြဝန်ကြီးတစ်ဦး ​ခန့်အပ်ပြီး ​မြို့ပြဖွံ့ဖြိုးရေး ​လုပ်ငန်းတွေ ​ဆယ်နှစ်အတွင်း ​အစွမ်းကုန် ​လုပ်ဆောင်သွားမယ်လို့ ​ပြောဆိုမှာ ​ဖြစ်ပါတယ်။

အတိုက်အခံပါတီ ​ခေါင်းဆောင် ​တိုနီအာဘော့တ်ကတော့ ​ဒီကနေ့ ​မဲလ်ဘုန်းမြို့မှာ ​မဲဆွယ်မှာဖြစ်ပြီး ​သူ့ပါတီသာ ​အနိုင်ရမယ်ဆိုရင် ​ကျောင်းဆရာ၊ ​ဆရာမတွေရဲ့ ​အရည်အချင်းတွေကို ​မြင့်တင်ပေးသွားမယ်လို့ ​မဲဆွယ်မှာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံအတွင်းရှိ ​ပြည်နယ်တချို့က ​ဆရာ၊ ​ဆရာမတွေရဲ့ ​လစာဟာ ​တခြားပြည်နယ်တွေထက် ​အရနည်းတဲ့အတွက် ​လစာတိုးမြှင့်ရေးတွေနဲ့ ​စာသင်ကြားမှု ​အရည်အသွေး ​မြှင့်တင်မှုတွေ ​လုပ်သွားမယ်လို့ ​အတိုက်အခံပါတီက ​ကတိပေးမှာ ​ဖြစ်ပါတယ်။

ဆရာ၊ ​ဆရာမတွေကို ​လူတွေနဲ့ ​ဆက်သွယ်ရာမှာ ​ပြေပြစ်မှုရှိအောင် ​သင်တန်းတွေ ​ပေးမှာဖြစ်ပြီး ​လူမှုလုပ်ငန်းတွေမှာ ​ပါဝင်အောင် ​လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

ဆရာ၊ ​ဆရာမ ​လုပ်ဖို့ ​တက္ကသိုလ်တက်ရောက်နေတဲ့ ​ကျောင်းသူ၊ ​ကျောင်းသားတွေဟာလည်း ​ဆရာအလုပ်ကို ​တကယ်ဝါသနာပါလို့ ​တက္ကသိုလ်တက်ရောက်တာမျိုးဖြစ်အောင် ​စီစစ်မှုတွေ ​ပြုလုပ်သွားဖို့ ​တက္ကသိုလ်တွေနဲ့ ​ညှိနှိုင်းသွားမယ်လို့ပြောပြီး ​ဒီလို ​ပြုလုပ်မှသာ ​စာသင်ကြားခြင်း ​လုပ်ငန်း ​လုပ်သူတွေအပေါ် ​လေးစားမှုတွေ ​ရှိလာမယ်လို့ ​ဆိုပါတယ်။

အဲ့ဒါ့အပြင် ​အတိုက်အခံ ​ညွန့်ပေါင်းပါတီရဲ့ ​ပညာရေးပေါ်လစီအရ ​အစိုးရပိုင်ကျောင်းတွေထဲက ​၂၅% ​ကို ​၂၀၁၇ ​ခုနှစ်မတိုင်ခင် ​ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ​အစိုးရကျောင်း ​အဖြစ် ​လုပ်ကိုင်ခွင့်ပေးမှာဖြစ်ပြီး ​အဲဒီကျောင်းတွေအနေနဲ့ ​မိမိကြိုက်နှစ်သက်ရာ ​ဆရာ၊ ​ဆရာမတွေကို ​ခေါ်ယူခန့်အပ်နိုင်မှာဖြစ်ပြီး ​အစိုးရချပေးစရာ ​မလိုတော့အောင် ​လုပ်ဆောင်မယ်လို့လည်း ​ပြောဆိုတဲ့အကြောင်း ​နိုင်ငံရေးဆိုင်ရာ ​အေဘီစီသတင်းထောက် ​Eliza ​Borrello ​က ​သတင်းပေးပို့ထားပါတယ်။

 ABC Radio Australia

0 comments:

Post a Comment