Thursday, August 29, 2013

ရွေးကောက်ပွဲစနစ် လေ့လာရန် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် ပါတီအချို့ ဥရောပ သွားမည်

ဥရောပနိုင်ငံများ ရွေးကောက်ပွဲ ကျင်းပပုံနှင့် နည်းစနစ်များကို လေ့လာရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အပါအဝင် နိုင်ငံရေးပါတီ အချို့နှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်တို့ စက်တင်ဘာလ ၆ ရက်နေ့တွင် ဂျာမနီနှင့် နော်ဝေနိုင်ငံတို့သို့ သွားရောက်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးက The Voice သို့ ပြောကြားသည်။

အဆိုပါနိုင်ငံရေး အဖွဲ့အစည်းများသည် ရွေးကောက်ပွဲဆိုင်ရာ အကြောင်း အရာများကို လေ့လာရန် နော်ဝေနှင့် ဂျာမနီနိုင်ငံရှိ နိုင်ငံရေး သုတေသန ပညာရှင်များ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး ဖိတ်ထားတယ် ဆိုပေမယ့် ကျွန်တော်တို့ ကတော့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တာတွေကိုပဲ အဓိက ဆွေးနွေးမှာပါ” ဟု ဦးမြအေးက ဆိုသည်။

အဆိုပါ ခရီးစဉ်အတွင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ အဖွဲ့ဝင် ၁၃ ဦးတို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရှိရသည်။

အဆိုပါ ခရီးစဉ်သည် သြဂုတ်လ ၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ သုံးပတ် ကြာမြင့်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းများထံမှ သိရှိရသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် အချို့သည် ဇွန်လအတွင်း အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့သို့ သွားရောက်ခဲ့ကြသည်။

ဟိန်းသွင်ထက်

The Voice Weekly

0 comments:

Post a Comment