
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ တောင်ကြီး-အေးသာယာအဆင်းလမ်းမှာ မိုးသည်းထန်စွာရွာသွန်းပါက တောင်နံတွေပြိုကျမှုပေါ်နေတယ်လို့ လမ်းအသုံးပြုသူတွေထံက သိရပါတယ်။
"ပြီးခဲ့တဲ့လကုန်ခါနီးတစ်ရက်ကဆို တော်တော်လေးဆိုးတယ်။ရွှံ့တွေက လမ်းပေါ်ထိ ရောက်နေတာ။အတော်လေးစိုးရိမ်စရာဖြစ်နေတယ်။ ရေစိမ့်မှုမရှိလို့ ရေစီးနူန်းကောင်းလာတယ်။ ရေမြောင်းစနစ်နဲ့ ရေစီးနူန်းပြောင်းလဲမှုကြောင့် တောင်အောက်ဆင်းတဲ့ရေလမ်းကြောင်းတွေတနှစ်ပြီးတနှစ်ပြောင်းလဲလာတယ်။ မူလလမ်းကြောင်းပျောက်ပြီး တောင်ပြိုမှုဖြစ်လာတယ်လို့ ထင်ပါတယ်"လို့ အဆိုပါလမ်းကို ဖြတ်သန်းသွားလာနေသူ ယာဉ်မောင်းကိုစိုင်းအေးက ရွှေတြိဂံဒေသသတင်းဌာနကိုပြောပါတယ်။
အဆိုပါမြေပြိုကျမှုတွေကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရယ်ဖြစ်ပေါ်မှုတွေ မရှိသေးပေမယ့်လည်း သွားလာသူတွေအတွက် စိုးရိမ်စရာတွေဖြစ်ပေါ်နေတဲ့အတွက် ရေစီးကြောင်း၊ ရေမြောင်းတွေကို စနစ်တကျ ပြုပြင်/ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောဆိုလျက်ရှိပါတယ်။
ယင်းကိစ္စနဲ့ပါတ်သက်ပြီး တောင်ကြီးခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးမျိုးလွင်က
"မိုးကြီးရင်တာဝန်ရှိသူတွေ ကိုယ်တိုင်လိုက်လံစစ်ဆေးပါတယ်။ လမ်းဦးစီးနဲ့ တောင်ပေါ်ဒေသဆောက်လုပ်ရေးကုမ္ပဏီမှ ချက်ချင်းရှင်းလင်းပေးပါတယ်။တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့သလို ယာဉ်ကြောပိတ်ဆို့မှုမရှိခဲ့ပါဘူး"လို့ ရွှေတြိဂံဒေသသတင်းဌာနကိုပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ၄ရက်၊ ညနေပိုင်းအချိန်လည်း ယင်းတောင်ဆင်းလမ်းနံရံပြိုကျပြီး လမ်းပေါ်မှာရွှံ့တွေစီးဆင်းနေမှုကြောင့် ကုန်တင်ကားတစ်ဦး လမ်းချော်ပြီးလမ်းဘေးသစ်ပင်ကိုဝင်တိုက်မှုဖြစ်ပေါ်ကာ မိနစ်၃၀ခန့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ-ရဲရင့်ဇွဲ(ရွှေတြိဂံ)






0 comments:
Post a Comment