Thursday, April 2, 2015

လက်ပံတောင်းအရေးလှုပ်ရှားသူနှစ်ဦးကို ထောင်ဒဏ်လေးလစီချမှတ်


ဦးသန်းရွှေနှင့် ဒေါ်နော်အုံးလှတို့အား ရုံးထုတ်လာစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြ တောင်းဆို၍ ပုဒ်မ ၁၈ ဖြင့် အရေးယူခံထားရသော လက်ပံတောင်းအရေးလှုပ်ရှားသူ ဒေါ်နော်အုံးလှနှင့် ဦးသန်းရွှေတို့ကို ဗဟန်းမြို့နယ်တရားရုံးက ထောင် ဒဏ်လေးလစီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ဒေါ်နော်အုံးလှနှင့် ဦးသန်းရွှေတို့သည် လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရန် ၂၀၁၄ စက်တင်ဘာ ၂၉ ရက်က ဒဂုံစင်တာရှေ့မှ ရွှေတိဂုံစေတီအထိ လမ်းလျှောက်ဆန္ဒပြ ကန့်ကွက်သောကြောင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို ဧပြီ ၂ ရက်က ဗဟန်းမြို့နယ် တရားရုံးတွင် ရုံး ထုတ်စစ်ဆေးပြီး ထောင်ဒဏ်လေးလစီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

‘‘လက်ပံတောင်းအရေးနဲ့ ပတ်သက်လို့ သူတို့နှစ်ဦးက စမ်း ချောင်းမှာ တစ်မှု၊ ဒဂုံမှာ တစ်မှုကျန်သေးတယ်။ ဗဟန်းကတော့ ဒီနေ့ပဲ အမိန့်ချလိုက်တာ’’ဟု ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထောင်ဒဏ်လေးလ ချမှတ် ခံရသော ဒေါ်နော်အုံးလှနှင့် ဦးသန်းရွှေတို့သည် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ တရုတ်သံရုံးရှေ့ အပါအ၀င် ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ဆန္ဒပြပွဲ (၁၀)ကြိမ်ထက်မနည်းပြုလုပ်ခဲ့သူများဖြစ်သည်။

7Day Daily

0 comments:

Post a Comment