Thursday, April 2, 2015

ကင်ညာ တက္ကသိုလ်ကို အကြမ်းဖက်သမားများ ၀င်စီး၊ ၁၄၇ ဦး အသတ်ခံရ


ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းက ဂါရီစ်ဆာ(Garissa) တက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့အစောပိုင်းက အယ်လ်ရှာဘတ် (Al Shabaab) အကြမ်းဖက်သမားတွေက ၀င်ရောက် စီးနင်းခဲ့ပြီး ညပိုင်း တက္ကသိုလ်ဝန်းကို ရှင်းလင်းပြီးချိန်မှာတော့ သတ်ဖြတ်ခံရသူ ကျောင်းသူကျောင်းသား ၁၄၇ ယောက် ရှိခဲ့တယ်လို့ ကင်ညာ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်သမား ၄ ဦးကို အသေ ပစ်သတ်လိုက်တယ်လို့ ပြောဆိုပါတယ်။

ဧပြီ ၂ ရက်နေ့ မနက် ၅ နာရီလောက်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အယ်လ်ရှာဘတ်အကြမ်းဖက်သမား ၄ ဦးဟာ တက္ကသိုလ်ဂိတ်ဝက ၀င်ရောက်ခဲ့ကြပြီး တက္ကသိုလ်လုံခြုံရေး ၂ ဦးကို အရင်ဆုံးပစ်သတ်ခဲ့ကြပါတယ်။

အဲဒီနောက် တက္ကသိုလ်စာသင်ဆောင်တွေနဲ့ ကျောင်းသားအဆောင်တွေမှာ ကျောင်းသူနဲ့ ကျောင်းသားတွေကို ခရစ်ယာန်ဘာသာဝင်နဲ့ အစ္စလာမ့်ဘာသာဝင်တွေကို ခွဲခြားပြီး ခရစ်ယာန် ဘာသာဝင်ဆိုရင် နေရာမှာတင် ပစ်သတ်ခဲ့တယ်လို့ မျက်မြင်ကျောင်းသားတဦးက ပြောဆိုပါတယ်။

အယ်လ်ရှာဘတ်အကြမ်းဖက်အဖွဲ့ကလည်း ခရစ်ယာန်ကျောင်းသားတွေကို ဓားစာခံ ဖမ်းဆီးထားတယ်လို့ တက္ကသိုလ်ကို စီးနင်းထားချိန်အတွင်း ပြောဆိုပါတယ်။

တက္ကသိုလ်ကို ၀ိုင်းထားတဲ့ ကင်ညာလုံခြုံရေးတွေနဲ့ အကြမ်းဖက်တွေလည်း ဧပြီ ၂ ရက်နေ့ တနေ့လုံး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

ကင်ညာနိုင်ငံရဲ့ ငယ်ရွယ်ထက်မြတ်တဲ့နိုင်ငံသား ၁၄၉ ဦး သတ်ဖြတ်ခံရတာဟာ ကင်ညာနိုင်ငံအတွက် ၀မ်းနည်းစရာ အကောင်းဆုံးနေ့ ဖြစ်တယ်လို့ ကင်ညာပြည်ထဲရေးဝန်ကြီးက ပြောဆိုပြီး သေဆုံးသွားတဲ့ ကျောင်းသူနဲ့ ကျောင်းသား တဦးစီအတွက် အထူးဝမ်းနည်း ကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုအပြီး အယ်လ်ရှာဘတ်အကြမ်းဖက်နှိမ်နင်းရေး ကင်ညာအစိုးရကို ကူညီဖို့ အမေရိကန်က ကမ်းလှမ်းခဲ့ပြီး ဒေသတွင်း တခြားနိုင်ငံတွေနဲ့ လည်း ပူးပေါင်းပြီး အယ်လ်ရှာဘတ်ကို ဖြိုခွင်းမယ်လို့ ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ကင်ညာ အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မိုဟာမက် ကူနို(Mohamed Kuno)ကို အဓိကတာဝန်ရှိသူအဖြစ် သတ်မှတ်ထားပါတယ်

DVB

0 comments:

Post a Comment