Thursday, June 11, 2015

ဖြစ်လာနိုင်သည့် အိုင်အက်စ်ခြိမ်းခြောက်မှုကို သတိကြီးစွာဆောင်ရွက်နေဟုတပ်ချုပ်ပြော

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဂျပန်မိုင်အိနိချိသတင်းဌာနက မေးမြန်းနေစဉ် (ဓာတ်ပုံ − Senior General Min Aung Hlaing Facebook)

အစ္စလာမ်မစ်နိုင်ငံတော် (အိုင် အက်စ်) အစွန်းရောက်အကြမ်း ဖက်လှုပ်ရှားမှုကို မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှု အဖြစ် တပ်မတော်က သတိကြီး စွာထား၍ ဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က ပြောကြားလိုက်သည်။နေပြည်တော်တွင် ပြုလုပ်ခဲ့ သည့် ဂျပန်သတင်းဌာန မိုင်အိနိချိနှင့် အင်တာဗျူး၌ အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်၏ လှုပ်ရှားမှုအလား အ လာနှင့်ပတ်သက်၍ မြန်မာနိုင်ငံအ ပေါ် ဖြစ်လာနိုင်သည့်အခြေအနေ ကိုမေးမြန်းရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်လို့ရမယ့် အ ဖွဲ့အစည်းတွေ၊ ညှိနှိုင်းဆောင် ရွက်လို့ရတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်း ဆောင်ရွက်မှုတွေလုပ်ပြီးတော့မှ သူတို့ရဲ့အန္တရာယ်ကို တုံ့ပြန်နိုင်ဖို့ အတွက် ဆောင်ရွက်သွားရလိမ့် မယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း သတိကြီးစွာ ထားဆောင်ရွက်နေတယ်ဆိုတာ ပြောချင်ပါတယ်’’ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောကြား သည်။

ပူးပေါင်းဆောင်ရွက်၍ ရ သည့်နိုင်ငံများနှင့် ပူးပေါင်းမည် ဖြစ်ပြီး ဤအရေးတွင် တစ်နိုင်ငံ တည်း ရပ်တည်၍မရဟုလည်း ဆက်လက်ပြောခဲ့သည်။

မြန်မာနိုင်ငံမှထွက်ခွာလာ သည့် ဘင်္ဂါလီ(မူရင်းသတင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) များသည် အစွန်းရောက် အကြမ်းဖက်သမား များ ရှာဖွေစုဆောင်းနေသည့် အိုင်အက်စ်စစ်သွေးကြွ တပ်ဖွဲ့ ၏ ပစ်မှတ်ဖြစ်လာနိုင်ကြောင်း အကြမ်းဖက်မှုများကို စောင့် ကြည့်လေ့လာနေသည့် ကျွမ်း ကျင်ပညာရှင်များက သတိပေး ပြောကြားလိုက်သည်ဟု အမေရိ ကန်သတင်းဌာန Newsweek တွင်ဇွန်လဆန်း၌ ဖော်ပြလာ သည်။ မြန်မာနိုင်ငံအနောက်ပိုင်း နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို စွန့် ခွာပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ကို လှေများ ဖြင့်ကျော်ဖြတ်ကာ အရှေ့တောင် အာရှနိုင်ငံအချို့သို့ ခိုလှုံဝင် ရောက်ရန်ကြိုးစားနေသည့်လှေစီး ဒုက္ခသည်များဟု နိုင်ငံတကာက ရည်ညွှန်း ခေါ်ဝေါ်ကြသည့် ဘင်္ဂါ လီများ၏ အဓိကဦးတည်ရာသည် မလေးရှားနှင့် အင်ဒိုနီးရှားတို့ဖြစ် ကြပြီး အဆိုပါနှစ်နိုင်ငံတွင် အိုင် အက်စ်၏ ကွန်ရက်များက ခြေ ကုပ်ယူ လှုပ်ရှားနေကြောင်းလည်း ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံအပေါ် အိုင် အက်စ်လှုပ်ရှားမှုကို သတိထားရ မည့်လုပ်ငန်းတစ်ခုဟုဗိုလ်ချုပ်မှူး ကြီးမင်းအောင်က မိုင်အိနိချိနှင့် တွေ့ဆုံစဉ်ပြောကြားသည်။ ရခိုင် ဒေသတွင်ဖြစ်သည့် ပြဿနာကို စီးပွားရေးပြဿနာနှင့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပြဿနာ ဟူ၍ နှစ်ပိုင်းခွဲကာဖြေကြားသည်။ စီးပွားရေးအရ ထွက်ပေါက်ရှာ သော အစ္စလာမ်များမှာ မြန်မာ နိုင်ငံတောင်ဘက်သို့ သွားကြ သည့်အဖွဲ့အစည်းဖြစ်၍ အိုင် အက်စ်နှင့်ပတ်သက်၍ သိပ်ပြဿ နာမရှိကြောင်း၊ နိုင်ငံရေး၊ လူမျိုး ရေးအရဖြစ်သည့် ဘာသာရေးနှင့် ဆိုင်သော ပြဿနာတွင်မူ အိုင် အက်စ်အဖွဲ့နှင့်ရှိလာနိုင်ကြောင်း သတိပြုမိလာသည်ဟု တပ်ချုပ် ကပြောသည်။

‘‘မြန်မာနိုင်ငံမှာလည်းအစ္စ လာမ်ဘာသာကို ကိုးကွယ်တဲ့လူ တွေရှိတယ်။ ဒီအပေါ်မှာ လှုံ့ဆော် မှုတွေ ပြုလုပ်မလာနိုင်ဘူးလို့ မ ပြောနိုင်ဘူး။ တချို့ကလည်းကျွန် တော်တို့သတင်းတွေရတာတော့ ရှိတယ်။ အခုအချိန်ထိတော့ အန္တ ရာယ်ပြုနိုင်လောက်တဲ့အနေအ ထားမျိုးမတွေ့သေးပါဘူး။ ဒါပေ မဲ့ အခြေအနေကို သတိထားနေတဲ့ အနေအထားလို့ ကျွန်တော်ပြော လိုပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

တပ်တည်ဆောက်ရေး

ထို့အပြင် ဂျပန်သတင်းဌာန နှင့် အင်တာဗျူး၌ တပ်ချုပ်က၎င်း တာဝန်ထမ်းဆောင်သည့်အပိုင်း မှာ တာဝန်အလွန်ကြီးကြောင်း၊ ပြည်သူယုံကြည်မှုရှိရန်လိုကြောင်း၊ တပ်မတော်တွင် စွမ်းရည်မြှင့်တင် ပြုပြင်ရေးအတွက် ဦးစားပေးလုပ် ဆောင်ရမည့် ကိစ္စရပ်သုံးခုရှိနေ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။

‘‘ကျွန်တော်တို့ အခုမှပြုပြင် ပြောင်းလဲရေးအပိုင်းကိုကျွန်တော် တို့သွားရတယ်။ ဒီအချိန်မှာ တပ် မတော်ရဲ့ လုပ်ဆောင်ချက်နဲ့ပတ် သက်ပြီး ပြည်သူကနေတစ်အ ချက်က ကျွန်တော်တို့ကို ယုံကြည် မှုရှိဖို့လိုပါတယ်’’ဟု ဗိုလ်ချုပ် မှူးကြီးကပြောသည်။

တစ်ဆက်တည်းမှာပင် ‘‘နောက်တစ်ခုက တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး စွမ်းအား အပြည့်ဆောင်ရွက်နိုင်တဲ့ အခြေ အနေမျိုးရှိဖို့လိုပါတယ်။ တပ်မ တော်က ကမ္ဘာ့စံချိန်၊ ကမ္ဘာ့နိုင်ငံ များနဲ့ စံချိန်မီတဲ့တပ်မတော်တစ် ရပ်ဖြစ်အောင် လုပ်ဖို့တာဝန်ရှိ တယ်။ ဒီသုံးခုက ကျွန်တော်တို့ အတွက် ဦးစားပေးလုပ်ရမယ့်ကိစ္စ ရပ်တွေဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်း သေးသည်ကိုလည်း တပ်ချုပ်က ထောက်ပြသည်။ ၎င်းအနေဖြင့် နိုင်ငံရေးသမားဘ၀ကို သွားမည် ဆိုလျှင် တပ်ချုပ်အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းရပ် များ၌ တာဝန်ပေါ့သွားမည်ဟု ဆို ၏။ တပ်ချုပ်တာဝန်ထမ်းဆောင် ဆဲကာလတွင် တာဝန်ပြီးဆုံးမှသာ နိုင်ငံရေးလုပ်ချင်သည့် ဆန္ဒရှိ ကြောင်းလည်း ထုတ်ဖော်ပြော ကြားခဲ့သည်။

‘‘တချို့သူတွေပြောကြသလို တပ်မတော်ဟာ သဘောထား တင်းမာတယ်ဆိုတာမဟုတ်ပါ ဘူး’’ဟု တပ်ချုပ်ကပြောသည်။

တရုတ်နှင့်ဆက်ဆံရေး

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကူညီပေးမှုများ အများအပြားရှိ ကြောင်း၊ နိုင်ငံ၏ကူညီမှု၊ပါတီ၏ ကူညီမှုတို့ရှိကြောင်း တပ်ချုပ်က ဖြေကြားခဲ့သည်။

‘‘ဒီတရုတ်နိုင်ငံအပေါ်မှာကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ လုံးဝမှီခိုအားထားတယ်ဆိုတဲ့ဟာ မျိုးကတော့ မဟုတ်ဘူး’’ဟု ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအ ရသော်လည်းကောင်း၊ နိုင်ငံခြား ရေးမူဝါဒအရသော်လည်း ကောင်းနိုင်ငံအများနှင့် ဆက်ဆံမှုများပြု လုပ်ပြီးအခြားနိုင်ငံများ၏ပူးပေါင်း ဆောင်ရွက်မှုများ အလွန်အကျွံယူ ထားခြင်းရှိ၍ တရုတ်နိုင်ငံတစ်ခု တည်းအပေါ်မှာ မှီခိုပြီးလုပ်နေ သည့်အနေအထားမျိုးမရှိဟု ဆို သည်။

‘‘ကျွန်တော်တို့အနေနဲ့ ကျွန် တော်တို့အပေါ်မှာ စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ မည်သည့် နိုင်ငံနဲ့မဆို ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်း တံခါးဖွင့်ထားပါတယ်လို့ ပြောလို ပါတယ်’’ဟုလည်း ဆိုသည်။

ထို့အပြင် ကိုးကန့်လက်နက် ကိုင်အဖွဲ့နှင့် တိုက်ပွဲ၏နောက်ခံ တွင် တရုတ်နိုင်ငံပါဝင်နေသည် ဟု ခံစားရပါသလား၊ တရုတ်အ ကျိုးစီးပွား တစ်မျိုးမျိုးနှင့်ပတ် သက်နေပါသလားဟုလည်း ဂျ ပန်သတင်းဌာနက မေးမြန်းရာ ဗိုလ်ချုပ်မှူးကြီးက တရုတ်အကျိုး စီးပွားဟု ပြော၍မရဟုတုံ့ပြန်ခဲ့ သည်။

‘‘အဓိကသူတို့ (MNDAA) လုပ်တာကတော့ သူတို့အာဏာ ပြန်ရဖို့အတွက်ပါပဲ။ တရုတ်နိုင်ငံ ရဲ့ အကျိုးစီးပွားလို့ ကျွန်တော်တို့ ကပြောလို့မရဘူး။သူတို့ရဲ့အကျိုး စီးပွားပေါ့။ သူတို့က ပြန်ပြီးတော့ ဒီနေရာကို Base ပြန်လုပ်ချင်လို့ ကြိုးစားတာလို့ ကျွန်တော်တို့မြင် ပါတယ်’’ဟု ၎င်းကဖြေခဲ့သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ နှင့် တရုတ်နိုင်ငံ၏ ဒေသခံအဖွဲ့၊ ယင်းဒေသခံအဖွဲ့များနှင့် ဒေသခံ အစိုးရဆက်ဆံမှုရှိ၊မရှိကို သိလို ကြောင်းလည်း မိုင်အိနိချိကမေး မြန်းခဲ့သည်။ စားနပ်ရိက္ခာ၊ လက် နက်ခဲယမ်း မီးကျောက်၊အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ၊ တိုက်ပွဲဒဏ် ရာရသူများကို ကုသပေးသည့်အ ခြေအနေများအရ ထင်စရာရှိ သော်လည်း လက်ဆုပ်လက်ကိုင် ပြ၍ရသည့်အနေအထားမျိုးမရှိ ဟု တပ်ချုပ်ကဆိုသည်။ တရုတ် အစိုးရအနေနှင့်မူ တိုက်ရိုက်ကူညီ မှု ပတ်သက်မှုမရှိဟုလည်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဗိုလ်ချုပ်မှူးကြီး၏အမြင်ကိုလည်း ဂျပန်သတင်းဌာနက မေးမြန်းခဲ့ သည်။

‘‘သူ့ရဲ့ အတွေ့အကြုံအပေါ် မူတည်ပြီး တိုင်းပြည်အပေါ်မှာ ဆောင်ရွက်နိုင်တာတွေ၊ ပေးဆပ် နိုင်တာတွေ ဆောင်ရွက်နေတယ် လို့ ကျွန်တော်ကတော့မြင်တယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကပြောသည်။

၎င်းကဆက်လက်ပြီး ‘‘နိုင်ငံ သားတစ်ယောက်အနေနဲ့ ရတဲ့အ ခွင့်အရေးတွေပေါ် မူတည်ပြီး တော့မှ သူ့အနေနဲ့ဆောင်ရွက် မယ်ဆိုရင် တိုင်းပြည်အတွက် လည်း အထောက်အကူရမှာဖြစ် တယ်။ သူ့မှာလည်း ဒီအခွင့်အ ရေးတွေရှိတဲ့အတွက်ကြောင့် ကျွန်တော်ထင်တယ် တစ်စိတ် တစ်ဒေသကတော့ မြန်မာနိုင်ငံအ တွက် အထောက်အကူရလိမ့်မယ် လို့ ကျွန်တော်မျှော်လင့်တယ်လို့ ပြောချင်ပါတယ်’’ဟု ပြောကြား သည်။

အခြေခံဥပဒေပုဒ်မ ၄၃၆

ပြင်ဆင်ရေး

‘‘ဒီအချိန်ကတော့ ပြင်ဖို့မ သင့်သေးတဲ့အချိန်တစ်ခုလို့ ပြော ရပါလိမ့်မယ်’’ဟု တပ်ချုပ်ကပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝမပြင်ရဟု တပ်မတော်အနေ ဖြင့် မဆိုကြောင်း၊ ပြင်သင့်ပြင် ထိုက်သည်များကို ပြင်ဆင်ရန် တပ်မတော်အနေဖြင့် လွှတ်တော် သို့တင်ပြမှုရှိကြောင်း၊ ပြင်ချင် သည့် အချက်များ ပြင်ထားတာရှိ ကြောင်း၊ ဥပဒေဆိုသည်မှာ ခိုင် ခိုင်မာမာရှိနေတာ အကောင်းဆုံး ဆိုသည့်အဓိပ္ပာယ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။

တိုင်းပြည်အခြေအနေ မ ယိမ်းယိုင်အောင် တပ်မတော်က ပြန်ထိန်းရခြင်းဖြစ်သည့်အတွက် အခြေအနေအရပ်ရပ်များ အား လုံးကောင်းလာသည့်အခါတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုသည် မှာ အဓိကမဟုတ်တော့ဘူးဆို သည်ကို သဘောပေါက်လာမည် ဟုလည်း တပ်ချုပ်ကပြောသည်။

‘‘လွတ်လပ်ရေး ရပြီးတဲ့ နောက် မြန်မာနိုင်ငံရဲ့ပြောင်းလဲ လာတဲ့ အခြေအနေအရပ်ရပ်ကို လက်ရှိပကတိအခြေအနေထိဖြစ် အောင် တပ်မတော်ကလုပ်လာ ခဲ့တဲ့အတွက် ဒီလိုအခြေအနေကို ယိမ်းယိုင်သွားဖို့ဆိုတာကိုတော့ တပ်မတော်အနေနဲ့ ဘယ်လိုမှ လက်ခံလို့မရပါဘူး။ ကျွန်တော် တို့က လက်ရှိတည်ငြိမ်နေတဲ့နိုင်ငံ ဖြစ်အောင် ကြိုးစားနေတယ်။ နောက်အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် လုပ်နေတယ်။ ဒီလို အခြေအနေမျိုး ရောက် အောင် တပ်မတော်ကလုပ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ဒီအခြေ အနေမျိုး ထိခိုက်တာကိုတော့ ကျွန်တော်တို့တွေဟာ ဘယ်လိုမှ အရောက်မခံနိုင်ပါဘူး’’ဟုပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်)သည် တပ်မတော်၏ ဖခင်ကောင်း ဖြစ်၍ အခါကြီးရက်ကြီးများတွင် ကန်တော့ကြောင်း၊ ရံဖန်ရံခါ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုဆုံးမမှုများရှိ ကြောင်း၊ သီးခြားနိုင်ငံရေးအရ သွားရောက်ဆွေးနွေးမှုမျိုး မရှိ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားသည်။ ခေတ်မီတပ်မတော်တစ်ခုဖြစ်လာ ခြင်းသည် ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ၏ အားထုတ်မှုများကြောင့်ဖြစ် သည်ဟုလည်း ပြောသည်။

‘‘ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဟာ ဒီမြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ကြောင်းပေါ်ရောက်အောင် လမ်း ကြောင်းမှန်ပေါ် တင်ပေးခဲ့တဲ့ သူ့ ရဲ့ကျေးဇူးလို့ပြောရမှာပေါ့။ သူ့ရဲ့ ကျေးဇူးကို မေ့လို့မရပါဘူး။ သူ လည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့တာပါပဲ’’ဟု တပ်ချုပ်ကပြောသည်။

အာဖရိကနိုင်ငံအချို့၊ အ ရှေ့အလယ်ပိုင်းရှိ အာရပ်နိုင်ငံ အချို့နှင့်ဥရောပနိုင်ငံအချို့တို့တွင် ပြုပြင်ပြောင်းလဲမှုလုပ်ရာ၌ ပြဿ နာများစွာ ရင်ဆိုင်နေရကြောင်း၊ စည်းကမ်းရှိ မျိုးချစ်စိတ်ရှိသော၊ ခိုင်မာသော တပ်မတော်အဖွဲ့အ စည်း ထိုနိုင်ငံများတွင် စနစ်တကျ ဆောင်ရွက်နိုင်မှုမရှိ၍ လက်နက် ကိုင်ပဋိပက္ခများဖြစ်နေကြောင်း၊ မြန်မာတွင်မူ ယင်းသို့မရှိ၍ ဗိုလ် ချုပ်မှူးကြီးသန်းရွှေ၏ လုပ် ဆောင်ချက်များကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်းဆိုသည်။

‘‘ဒါကြောင့် ဒါတွေဟာ ဗိုလ် ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ဆောင်ရွက်ပေးမှုတွေလို့ ဆိုရမှာ ဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

7Day Daily

0 comments:

Post a Comment