
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက နေအိမ်တစ်ခုကနေ ရခိုင့်တပ်မတော် AA အဖွဲ့ဝင်(၄)ယောက်ကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ စက်တင်ဘာ (၁၀)ရက် မနက်ပိုင်းက ဖမ်းမိထားတယ်လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ဆီက သိရပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၇၀၊ ဒဿနလမ်းက နေအိမ်တစ်ခုကို သက်ဆိုင်ရာရဲတပ်ဖွဲ့က သတင်းအရသွားရောက်ရှာဖွေစစ်ဆေးရာမှာ အောင်လင်းထက်၊ မြတ်ခိုင်၊ ဖိုးကျော်နဲ့ ချမ်းငြိမ်းဆိုသူတို့ကို ဖောက်ခွဲရေးပစ္စည်းတွေ၊ ဆက်သွယ်ရေးသုံးပစ္စည်းတွေနဲ့အတူ ဖမ်း ဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"ဘယ်လိုအတည်ပြုထားလဲဆိုတော့ သူတို့က၀န်ခံထားလို့ပေါ့ဗျာ။ လက်ရှိမှာအမှုဖွင့်ထားတယ်။ အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်" လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ယာယီမြို့နယ်ရဲမှူး ဇော်ဝင်းနိုင်က ပြောပါတယ်။
နေအိမ်ထဲကနေ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး ၄၀၊ မှန်ပြောင်း (BAIGISH) made in RUSSIA အခု ၃၀ ၊ GARMIN (GPS+GLONASS) ၂၅ လုံး၊ ယမ်းလို့ယူဆရတဲ့ အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ(၃)ထုပ်၊ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ ယမ်းဖြူလို့ယူဆရတဲ့ အိတ် ၅ အိတ်ကို ရှာဖွေတွေ့ရှိခဲ့တာလို့ ရဲမှတ်တမ်းအရသိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့လေးယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ) တို့နဲ့ အမှုဖွင့်ထားပြီး အမှုကွင်းဆက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - ဏေဏီ
ဓာတ်ပုံ - ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့






0 comments:
Post a Comment