
ကျပ်ငွေ ၇၆ဘီလီယံကျော်ကုန်ကျခံ အဆင့်မြှင့်တင်ထားတဲ့ အာရှလမ်းမကြီးအမှတ်(၂)ရဲ့အစိတ်အပိုင်း ကလော - တောင်ကြီး (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းပိုင်း၊ ကလောမြို့၊ ရပ်ကွက် ၂ရှေ့တွင် လမ်းအက်ကွဲမှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အဆိုပါ လမ်းပိုင်းကို B.O.T ရရှိထားတဲ့ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး ကလော - တောင်ကြီးလမ်းအရှည် (၄၅)မိုင်အတွင်း တံတားနှင့် ရေထုတ်ပြွန် (၁၂၄)စင်းပါဝင်ကာ စုစုပေါင်း ကုန်ကျငွေ (၇၆.၅) ဘီလီယံရှိတယ်လို့ ရှိတယ်လို့ သိရပါတယ်။
ကလော - တောင်ကြီးလမ်းပိုင်းကို (၄၈)ပေအကျယ် (၄)လမ်းသွား ကတ္တရာကွန်ကရစ် AC လမ်းအဖြစ်အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ကာလမ်းဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့က အောင်ပန်းနှင့်ကလောမြို့ကြားရှိ ကလောတိုးဂိတ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ယင်းအက်ကွဲနေတဲ့ မြေနေရာဟာ မူလမြေသားပေါ်မှာ ဖောက်လုပ်ထားတဲ့ မြေနေရာမဟုတ်ဘဲ ဖို့မြေပေါ်မှာဖောက်လုပ်ထားတာဖြစ်တဲ့အတွက် ယခုလိုအက်ကွဲမှုဖြစ်ပေါ်နေတာဖြစ်တယ်လို့ တောင်ကြီးခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးမျိုးလွင်က ရွှေတြိဂံဒေသသတင်းဌာနကိုပြောပါတယ်။
"ကုမ္ပဏီကိုအမြန်ဆုံး ပြန်ပြင်ခိုင်းထား ပါတယ်။ ရာသီဥတုပေါ်မူတည်ပြီး အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။ မူလအော်ရီဂျင်နယ်ပေါ်မှာ လုပ်ထားတာမဟုတ်ဘဲ ဖို့မြေပေါ်မှာလုပ်ထားတာ ဖြစ်တဲ့အတွက် အဲဒီလိုဖြစ်နေတာပါ” လို့ ဦးမျိုးလွင်က ပြောပါတယ်။
လူဦးရေ (၅)သန်းကျော်နေထိုင်တဲ့ ရှမ်းပြည်နယ်အတွင်း ပြည်ထောင်စုလမ်း (၂၈)လမ်း၊ ပြည်နယ်လမ်း (၁၆၁)လမ်းရှိပြီး အာရှလမ်းမကြီးအမှတ် (၂)ဖြစ်တဲ့ ပြည်နယ်အတွက် အရေးပါတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။


#သတင်း-ရဲရင့်ဇွဲ
ဓာတ်ပုံ- Ko Zaw Zaw Aung






0 comments:
Post a Comment