Monday, November 7, 2022

တန်ဆောင်မုန်းလပြည့်နေ့ည၌ တောင်ငူမြို့တွင် ပံ့သကူပစ် လှူဒါန်း ကြသူများနှင့် လမ်းပေါ်တွင် ပံသကူ ကောက်ကြသူ များပြား

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ည၌ ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့ပေါ်ရှိ အထင်ကရ ဘုရားစေတီများသို့ သွားရောက်ဖူးမျှော်ကြသူများမှာ ယမန်နှစ်များထက်နည်းပါးပြီး ပံ့သကူပစ်လှူဒါန်းကြသူများသဖြင့် မြို့တွင်းလမ်းများ၌ ပံ့သကူလိုက်ကောက်ကြသူမျာ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး တောင်ငူမြို့ခံတစ်ဦးက“ကျွန်တော့်က ကျွန်တော့်သမီးလေးကို ဒီနှစ်မြို့ပေါ်က ဘုရားတွေလိုက်ပို့ဦးမယ်ဆိုပြီး သမိုင်းဝင်ကေလဇာတီဘုရားကိုလိုက်ပို့တာပေါ့၊တောင်ငူမြို့က ကေလဇာတီဘုရားဆိုတာက တကယ့်သမိုင်းဝင်စေတီဖြစ်သလို၊ အခုလိုတန်ဆောင်မုန်းလဟာလည်း ဘုရားပွဲတော်ကျင်းပနေကြပေါ့၊ပြီးတော့ တောင်ငူမြို့ရဲ့ပွဲတော်ဖြစ်တဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ဆိုတာကလည်း အဲ့ဒီ သမိုင်းဝင်ကေလဇာတီဘုရားကြီးထဲမှာ ကိန်းဝပ်စံပါယ်တဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို တောင်ငူမြို့တွင်း လမ်းတွေမှာ လှည့်လည်အပူဇော်ခံတဲ့ဘုရားပွဲပေါ့၊ အဲ့လိုအထင်ကရ ဘုရားပွဲတော်ကျင်းပတဲ့ သမိုင်းဝင်ကေလဇာတီဘုရားမှာတောင် ဘုရားပွဲမပြောနဲ့ အခုလို တန်ဆောင်မုန်းလပြည့်နေ့ညမှာတောင် ဘုရားဖူးလာကြတဲ့သူတွေ မရှိသလောက်ဖြစ်အောင် နည်းပါးနေတာပါပဲ၊ ကျွန်တော်တို့သွားတော့ ဘုရားမှာ ပုတီးစိတ်နေတဲ့သူ နှစ်ယောက်သုံးယောက်ရယ်၊ ဘုရားမှာ ဂျူတီကျတဲ့လူရယ် ဂေါပကအဖွဲ့ဝင်တွေလောက်ပဲရှိပါတယ်” ဟုဆိုသည်။

တန်ဆောင်မုန်းလပြည့်နေ့ည၌ ထိုကဲ့သို့ တောင်ငူမြို့ပေါ်ရှိ အထင်ကရ သမိုင်းဝင်ဘုရားစေတီများသို့ သွားရောက်ဖူးမျှော်ကြသူ နည်းပါးခဲ့သော်လည်း တောင်ငူမြို့တွင်း အဓိကလမ်းမကြီးအပါအဝင် လမ်းသွယ်များတွင် ပံ့သကူ အလှူပစ်ကြသူ အလှူလိုက်ကောက်ကြသူများပြားခဲ့ကြကြောင်း၊တန်ဆောင်မုန်း လပြည့်နေ့ည ပံ့သကူအလှူအဖြစ် ငွေသားများကြဲခြင်း/ပစ်ခြင်း၊ အဝတ်အထည်ပစ်ခြင်း/ပေးကမ်းခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ဖုန်းဘေမဲဖောက်ခြင်း၊ နံပါတ်အမှန်ပြောခိုင်း၍ ဆုငွေပေးခြင်း၊ Kpay Wave pay များမှ ပံ့သကူအလှူလုပ်ခြင်း နည်းအမျိုးမျိုးဖြင့် ပံ့သကူအလှူများလုပ်ကြရာ ပံ့သကူအလှူကောက်ကြသူ တောင်းခံကြသူများပြားခဲ့ကြောင်း သိရသည်။

တောင်ငူမြို့တွင်းလမ်းများတွင် ပံ့သကူ အလှူလိုက်ကောက်ကြသည့်အခြေအနေနှင့်ပတ်သက်ပြီး မြို့ခံတစ်ဦးက“ကျွန်တော်မြို့ထဲကို ကိစ္စရှိလို့သွားတာ လမ်းပေါ်မှာတော့ ကလေးတွေရောလူကြီးတွေရော ခါတိုင်းနှစ်တွေထက်ပိုများပါတယ်၊ ပိုက်ဆံကြဲတာတွေက‌ောတ့ ၅ ကျပ်တန်အစ အကုန်ပါပါတယ်၊ လမ်းပေါ်မှာ ပံ့သကူလိုက်ကောက်ကြတဲ့လူတွေအတော်များတယ်၊ တစ်ချို့ဆို အဝတ်အစားတို့ အနွေးထည်တို့ အဲ့လို အဝတ်တွေနဲ့ အထဲမှာ ငွေသား ကျပ် ၃၀၀၀၊ ကျပ် ၅၀၀၀ အဲ့လိုတွေထည့်ပြီးမှပံ့သကူပစ်ကြတာ ဒီနှစ်က ပံ့သကူအလှူလုပ်ကြတဲ့သူတွေနဲ့ ပံ့သကူလိုက်ကောက် ကြတဲ့သူတွေ အရင်နှစ်တွေထက် ပိုများလာတယ်လို့ထင်ပါတယ်” ဟုမြို့ခံတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့မြို့၏ မြို့ကျက်သရေဆောင်ဖြစ်သည့် သမိုင်းဝင်ရွှေဆံတော်စေတီတော်ရင်ပြင်၌ ယနေ့တန်ဆောင်မုန်းလပြည့်နေ့ ၇ နာရီဝန်းကျင်ခန့်က  ဆီမီး ၉၀၀၀ ပူဇော်ပွဲကျင်းပ ဆောင်ရွက်ခဲ့ပြီး ရွှေဆံတော်စေတီတော်သို့ ဘုရားဖူးဧည့်သည်များစည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမျှော်လျက်ရှိကြောင်း တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွေရေးသားထားကြောင်း သိရသည်။ ထို့အတူ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊  ဒိုးပင်သောင်ကျေးရွာရှိ စစ်တောင်းမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်သော ရွာဦးကျောင်း "ဝဋ်ကြွေးတော်ပြေ"စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ယနေ့တန်ဆောင်မုန်းလပြည့်ည၌ ပုဂံရိုးရာအကအလှများဖြင့်ဖျော်ဖြေခြင်း၊ စစ်တောင်းမြစ်အတွင်းသို့ မီးကြာခွက်များမျှောလွှတ်ကြခြင်းဖြင့် ပထမဆုံး အကြိမ် တန်ဆောင်တိုင်မီးမျှောပူဇော်ပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

Eleven

0 comments:

Post a Comment