Tuesday, November 22, 2022

အစိုးရကို ပြန်ဆပ်ရမည့် တောင်သူများ၏ ကြွေးကျန် ၂၅ ရာခိုင်နှုန်းအတွက် စပါးနှင့် ပဲတီစိမ်းတို့ကို ကာလပေါက်ဈေးဖြင့် ဈေးဖြတ်ယူမည်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံက စိုက်ပျိုးစရိတ်အဖြစ် ချေးယူထားတဲ့ တောင်သူတွေရဲ့ ကြွေးကျန်ပမာဏထဲက (၂၅) ရာခိုင်နှုန်းအတွက် စပါးနဲ့ ပဲတီစိမ်းတို့ကို ကာလပေါက်ဈေးနဲ့ ပြန်လည်ရောင်းချပြီး ပေးဆပ်နိုင်အောင် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
တနင်္လာနေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဖြစ်သူ ဦးလှမိုးရဲ့ ပဲခူးတိုင်းအစိုးရဲ့အဖွဲ့ တာဝန်ရှိသူတွေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေတဲ့ တောင်သူတွေနဲ့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံ့စီးပွားရန်ပုံငွေနဲ့ ဆောင်ရွက်မယ့် အစီအစဉ်ကနေ စပါးနဲ့ ပဲတီစိမ်းစိုက်ပျိုးတဲ့ တောင်သူတွေ လိုအပ်တဲ့ သွင်းအားစုများကို ဝန်ဆောင်မှုစရိတ် (၁) ရာခိုင်နှုန်းပဲယူပြီး ငွေမချေးဘဲ မြေသြဇာနဲ့ သွင်းအားစုတွေ ရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။
‘‘မြေသြဇာတန်ဖိုးနဲ့ ညီမျှတဲ့ စပါးနဲ့ ပဲတီစိမ်းတွေကို တောင်သူတွေက ပေါက်ဈေးနဲ့အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်းတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’လို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးရေးနှစ်ဆင့်‌ ချေးငွေစီမံကိန်း (JICA, Two Step Loan) ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ တောင်သူ (၅၅၇၆) ဦးထံ ချေးငွေ ကျပ် (၂၃၀) ဘီလီယံခန့် ထုတ်ချေးပေးထားပါတယ်။
နစကလက်ထက် အကောင်အထည်ဖော်တဲ့ နိုင်ငံ့စီးပွားရန်ပုံငွေ ကျပ်ဘီလီယံ (၄၀၀) စီမံကိန်းထဲက ဘီလီယံ (၂၃၀) ကို နွေစပါးဧက (၈) သိန်းခွဲနဲ့ ပဲတီစိမ်းဧက (၅)သိန်းအတွက် အကျိုးတူလယ်ယာစနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ ထုတ်ချေးပေးထားပါတယ်။
အဲ့ဒီအထဲမှာ ဆန်စပါးကဏ္ဍက ကျပ် (၁၇၀) ဘီလီယံအထိ ခွဲတမ်းရရှိထားပြီး လက်ဝယ်ကို ငွေသားတိုက်ရိုက်မပေးဘဲ အရေးတကြီး လိုအပ်လာနိုင်တဲ့ သွင်းအားစုတွေ ဝယ်ယူပေးသွားမယ်လို့ သိရှိရပါတယ်။
နစကသက်တမ်း (၁၈) လပြည့် မိန့်ခွန်းမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျပ် (၄၀၀) ဘီလီယံ ထုတ်ချေးပေမယ့် အစီအစဉ်ကြောင့် (၆) လအတွင်း စီးပွားရေးတိုးတက်မှုရှိပြီး ‘အလုပ်လုပ်သူတိုင်း ဝင်ငွေရလာမယ်’လို့ ပြောဆိုခဲ့ပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment