Monday, November 7, 2022

မန္တလေး မဟာမြတ်မုနိဘုရားကြီးအား ၃၃ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် အောင်မြင်စွာ ဆက်ကပ်နိုင်ခဲ့

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးအား (၃၃)ကြိမ်မြောက် မသိုးသင်္ကန်းတော် ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့အရုဏ်တက်ချိန် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အစဉ်အလာမပျက် အောင်မြင်စွာဆက်ကပ်နိုင်ခဲ့ကြောင်း သိရသည်။
“မနေ့က မနက်ပိုင်းက စတင်ပြီး ဒီနေ့မနက် အရုဏ်မတက်ခင်အချိန်အထိ ယက်ကန်းပညာရှင်များက နေ့ခြင်းပြီး ရက်လုပ်ခဲ့တဲ့ ဧကရီတော်၊ သင်းပိုင်တော်၊ သဘက်တော်တွေကို မဟာမြတ်မုနိဘုရားကြီးထံ ယနေ့မနက်အရုဏ်တက်ချိန်မှာ တိုင်းအစိုးရအဖွဲ့ ဦးဆောင်မှုနဲ့ ရင်ပြင်တော်ကို လက်ယာရစ်လှည့်လည်ပူဇော်ပြီး မဟာမြတ်မုနိဘုရားကြီးကို မသိုးသင်္ကန်းတော် လွှမ်းခြုံကပ်လှူ ပူဇော်လှူဒါန်းခဲ့ပါတယ်” ဟု ဘုရားဂေါပကတစ်ဦးက ဆိုသည်။
မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးရင်ပြင်တော်၊ မိုးကောင်းဓမ္မာရုံမဏ္ဍပ်၌ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့ ( နိုဝင်ဘာ ၆ ရက်) မနက်ပိုင်းမှ တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၇ ရက်) နေ့အရုဏ်မတက်ခင်အချိန်အမီ ရက်လုပ်ပြီးနောက် ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မနက်အရုဏ်တက်ချိန် ၅ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ရေတော်ဆရာတော်အား အမှူးပြု၍ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းအစိုးရဝန်ကြီးများ၊ ယက်ကန်းပညာရှင်များနှင့် စက်ချုပ်ပညာရှင်များ၊ ဝေယျာဝစ္စအဖွဲ့များ၊ ဘုရားဖူးလာပြည်သူများ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ပူဇော်ခဲ့ပြီးနောက် တိုင်းအစိုးရအဖွဲ့မှ ယက်ကန်းရပ်လုပ်ပူဇော်ကြသည့် ပညာရှင်များအား အမှတ်တရဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ကြောင်း အဆိုပါ ဘုရားဂေါပကတစ်ဦးထံမှ သိရသည်။
၎င်းရက်လုပ်ထားသည့် မသိုးသင်္ကန်းတော်ကို တိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မဟာမုနိဘုရားကြီးရင်ပြင်တော်၊ မိုးကောင်းဓမ္မာရုံမဏ္ဍပ်ရှေ့မှစတင်၍ လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ပြီးနောက် မဟာမြတ်မုနိရုပ်ရှင်တော်ကြီးအား ကိုယ်လုံးတော်ဝတ်ရုံအား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ထိုမသိုးသင်္ကန်းတော်ကို ၃ ရက်တိုင်တိုင် လွှမ်းခြုံပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။







0 comments:

Post a Comment