Tuesday, November 1, 2022

မြန်မာသတင်းသမားတွေအနေနဲ့ အမှန်တရားကို ဖော်ထုတ်ရေးသားရုံမျှဖြင့် မတရားဖမ်းဆီးခံနေရတယ်လို့ ယူကေသံရုံးထုတ်ပြန်

မြန်မာနိုင်ငံရှိ သတင်းသမားတွေဟာ အမှန်တရားကို ဖော်ထုတ်သတင်းရေးသားရုံမျှဖြင့် မတရားဖမ်းဆီးခြင်း၊ တရားစွဲဆိုခံရခြင်းနဲ့ အစွန်းရောက်အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတယ်လို့ ယူကေသံရုံးက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ယနေ့ နိုဝင်ဘာလ ၂ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာဆိုင်ရာ သတင်းထောက်များအပေါ် ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ထုတ်ပြန်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး အနည်းဆုံး သတင်းသမား ၄ဦး သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ကျူးလွန်သူတွေက ပြစ်ဒဏ်မှ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

မြန်မာပြည်သူပြည်သားများအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ရေးသားဖော်ထုတ်နေကြတဲ့ မြန်မာနိုင်ငံက သတင်းသမားများအားလုံးကို အမှတ်ရဂုဏ်ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမား ၅၀ဦးခန့်ဟာ ဖမ်းဆီးထိန်းသိမ်းထားခံနေရဆဲဖြစ်ပြီး သတင်းမီဒီယာသမား ၂၂ဦးတို့ဟာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကာ လွန်ခဲ့တဲ့လက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆နှစ်ချမှတ်ခံရတဲ့ BBC Media Action မှ အလွတ်တန်းသတင်းထုတ်လုပ်သူ ထက်ထက်ခိုင်လည်း အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေအစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်မှုမှန်မျှအား ရှုတ်ချပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းရှိ သတင်းသမားတွေ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် အရေးပေါ်ကာကွယ်ပေးရေးဝန်ဆောင်မှုကို ဆက်လက်ပံ့ပိုးသွားမယ်လို့ ထည့်သွင်းပြောဆိုထားတာလည်းဖြစ်ပါတယ်။


MyanmaPlatform

0 comments:

Post a Comment