Tuesday, November 22, 2022

ဧရာဝတီတိုင်းမှာ မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေကြေးတောင်းခံမှုများရှိနေလို့ ပြည်သူတွေအခက်တွေ့

အသက် ၁၀ နှစ်ပြည့်ပြီးသူတိုင်းမှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပြီး မပြုလုပ်သူတွေကို ဥပေဒအရ အရေးယူမယ်လို့ အသိပေးထုတ်ပြန်နေပေမဲ့ ဧရာဝတီတိုင်းမှာ မှတ်ပုံတင်ပြု လုပ်တဲ့အခါ ငွေကြေးတောင်းခံတာတွေကြောင့် အခက်အခဲဖြစ်နေတယ်လို့ မှတ်ပုံတင်ပြု လုပ်သူတွေကပြောပါတယ်။

မှတ်ပုံတင် သက်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ပြန်လဲလှယ်ရာမှာ လိုအပ်တာထက်ပိုပြီး ကုန်ကျစရိတ်တွေ ရှိတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ခံတစ်ယောက်က ပြောပါတယ်။

"ကျွန်မရဲ့သားဆိုရင် မှတ်ပုံတင်ပြန်လဲတာ ၁၀ နှစ်ပြည့်ကို ၁၈ နှစ်ပြန်လဲတာ ပိုက်ဆံမပေးတော့ ရစ်နေတယ်၊ ပေးလိုက်မှရတယ် ၊  ဒါတောင် နှစ်လကျော်ကြာတယ်" လို့  ဇလွန်မြို့ခံ တစ်ဦးက ပြောပါတယ်။

အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်ရာမှာလည်း မလိုအပ်တဲ့ အထောက်အထား တောင်းခံတာတွေရှိပြီး မှတ်ပုံတင်ကို ပိုက်ဆံပေးလုပ်သူများတယ်လို့ မော်လမြိုင်ကျွန်းမြို့ခံ တစ်ယောက်ကပြောပါတယ်။

"ပုံစံ အမျိုးအမျိုးနဲ့ကို ရစ်တာ၊ ၁၀ နှစ်ပြည့်မှတ်ပုံတင် လုပ်မယ်ဆိုရင် သန်းခေါင်စာရင်းမူရင်း/မိတ္တူ၊ မွေးစာရင်း၊ မိဘနှစ်ပါးမှတ်ပုံတင်၊ သွေးစစ်လက်မှတ်၊ ရပ်ကွက်ထောက်ခံစာ ပါရမယ်၊ ဒါတွေအစုံမပါဘူးဆို မရဘူး၊ မိဘတစ်ယောက်က မှတ်ပုံတင်ပျောက်နေရင် လဝကအတွက်ကတော့ ရစ်ဂွင်ပဲ"လို့သူကဆက်ပြောပါတယ်။

ဒါ့ပြင် အိမ်ထောင်စုစာရင်းလုပ်တဲ့အခါမှာလည်း ငွေကျပ် ၂၀၀၀၀ ကနေ  ၂၅၀၀၀ တောင်းတာမျိုးတွေလည်း ပြုလုပ်နေတယ်လို့သိရပြီး မှတ်ပုံတင်ပျောက်ဆုံးလို့ ပြန်လည်ပြုလုပ်ရာမှာ ဌာနတစ်ခုနဲ့တစ်ခု လွှဲပြောင်းပေးနေပြီး အချိန်ကြန့်ကြာတဲ့အတွက် အခက်အခဲရှိနေတယ်လို့မော်လမြိုင်ကျွန်းမြို့ခံ တစ်ယောက်ကပြောပါတယ်။

"ပိုက်ဆံကတော့ တောင်းသလား မမေနဲ့ ၊မိသားစုထဲက အိမ်ထောင်စုစာရင်း စာရွက် လုပ်တာလည်း ငွေကျပ် ၂၀၀၀၀ အထိပေးရတယ် ၊ ကိုယ်တိုင်ကတော့ ခါးပိုက်နှိုက်ခံရလို့ မှတ်ပုံတင်ပါသွားတယ် ၊မှတ်ပုံတင်ပြန်လုပ်တော့ မှတ်ပုံတင် ပြန်လျှောက်ဖို့ အကုန်စုံနေတာတောင် ထောက်ခံစာမှာ ပြဿနာ တက်တယ် ၊ ရဲစခန်းထောက်ခံစာ ယူတော့ ခါးပိုက်နှိုက်ခံရတယ်ပြောတော့ အဲ့ဒီတုန်းက အကြောင်းကြားလားဆိုပြီး လုပ်တယ် ၊ရပ်ကွက် ကလည်း ချက်ချင်းမလုပ်ပေးဘူး၊ ပိုက်ဆံ အတော်လေးကုန်မှ ထောက်ခံစာရတယ် ၊ သူတို့ ဌာနတွေက  တစ်ခုနဲ့တစ်ခု ဘော်လီဘော ပုတ်နေကြတာ" လို့ သူကဆက်ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြီးခဲ့တဲ့ မှတ်ပုံတင်ကတ်နဲ့ အခြား အသိအမှတ်ပြုကတ်၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း ကွဲလွဲတာ၊ အပိုကိုင်ဆောင်တာကို နီးစပ်ရာမြို့နယ် လဝကရုံးကို သွားရောက်ဖြေရှင်းဆောင်ရွက်ဖို့နဲ့မပြုလုပ်ရင် ဥပေဒ အရ အရေးယူဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းမှာကြေညာထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အရင်က မှတ်ပုံတင် လုပ်တဲ့အခါ ငွေပေးရတာတွေရှိပေမဲ့ အခုလို များပြားတဲ့ပမာဏအထိတောင်းယူတာတော့ မရှိဘူးလို့ ဒေသခံပြည်သူတွေကပြောပြချက်အရ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment