Tuesday, November 1, 2022

မန္တလေးမှာ အချုပ်ကားထဲ အနီးကပ် ဗုံးပစ်သွင်း တိုက်ခိုက်မှု နှစ်ပွင့် ရဲမေ အပါအဝင် စကစ သုံးယောက် သေဟုဆို

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနှင့် (၄၂)လမ်း ခုံးကျော်တံတားထိပ်၊ အမှတ်(၁၁)ရဲစခန်းအနီးမှာ ဒီမနက်ပိုင်း စစ်အုပ်စုရဲ့ အချုပ်ကား ခေါင်းခန်းထဲကို အနီးကပ် ဗုံးထု တိုက်ခိုက်ခဲ့ရာ နှစ်ပွင့်နဲ့ ရဲမေ အပါအဝင် စကစ သုံးယောက် သေတယ်လို့ ဗိုလ်နက္ခတ် ဦးဆောင်တဲ့ မန္တလေးမြို့ပြ ပြောက်ကျား People Defence Force - Mandalay (MDY-PDF) က သတင်း ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ(၁)ရက် မနက်(၉)နာရီခွဲက မန္တလေး အမှတ်(၁၁)ရဲစခန်းအနီး၊ (၇၈)လမ်းအတိုင်း မြောက်ကနေ တောင်ကို မောင်းလာတဲ့ စစ်အုပ်စုရဲ့ အချုပ်ကားကို အနီးကပ် ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
" အမှတ်(၁၁)ရဲစခန်းအနီး ၊ (၇၈) လမ်းအတိုင်း မြောက်မှ တောင်သို လာသော စခ အချုပ်ကား ခေါင်းခန်း ထဲသို ကျွန်ုပ်တို MDY- PDF ၏ ရဲဘော်များက လျက်ဆားပုလင်း ပစ်ထည့်ပေးခဲ့ရာ အချုပ်ကားခေါင်းခန်းထဲ၌ ပါလာသော ရခ သုံးကောင်( မ-၂ ၊ ကျား-၁ ) အနိစ္စသဘောနဲ့ ကိစ္စချောသွားခဲ့ပါကြောင်း ကနဦးသတင်းကောင်း ပါးအပ်ပါသည်" လို့ MDY PDF က ဖော်ပြပါတယ်။
သေဆုံးသူ စစ်ကောင်စီ သ္စစာခံ ရဲမေနှစ်ယောက်အနက် တစ်ယောက်ဟာ နှစ်ပွင့်နဲ့ ရဲအုပ်အဆင့်ရှိ သန္တာအောင် ဆိုသူ ဖြစ်ပြီး နောက်ထပ် ရဲမေတစ်ယောက်ကတော့ မျက်နှာတခြမ်း ပွင့်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ သေသူ မရှိဘဲ ကားခေါင်းခန်းထဲ လိုက်ပါလာတဲ့ ရဲအုပ်နဲ့ ဒုတပ်ကြပ် အဆင့် ရဲမေနှစ်ယောက် ဒဏ်ရာရတယ်လို့ သတင်းဖြန့်ပါတယ်။
"(၇၈)လမ်းနှင့် (၄၂)လမ်း ဂုံးကျော်တံတားအနီး ၊မီးပွိုင့်တွင် အချုပ်သားများကို တရားရုံးသို့ ရုံးထုတ်သွားသည့် အချုပ်မော်တော်ယာဉ်အား ဆိုင်ကယ်စီးနင်းလာည့် အမည်မသိ အမျိုးသားနှစ်ဦးမှ မော်တော်ယာဉ် ကားရှေ့ခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကားရှေ့ခန်းအတွင်း လိုက်ပါလာသော ရဲအုပ်အမျိုးသမီးမှာ ဝဲယာခြေထောက်နှစ်ဖက် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)၊ ရဲတကက အမျိုးသမီးမှာ ဝဲနဖူးပေါက်ပြဲ ဒါဏ်ရာ၊ ယာပါး ပွန်းပြဲဒါဏ်ရာ၊ ဝဲခြေဖဝါးပေါက်ပြဲဒါဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး အချုပ်မော်တော်ယာဉ်မှာ ကားရှေ့လေကာမှန်၊ ယာအရှေ့ဘီးကွဲ၊ ယာဘက်တံခါး ပျက်ဆီးခဲ့ကာ ဗုံးဖြင့်ပစ်သူများမှာ (၇၈)လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်ထွက်ပြေး သွားသောကြောင့် ယာဉ်ပေါ် လိုက်ပါလာသော ရဲတပ်ဖွဲ့ဝင်များနှင့် အနီးရှိ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် (၁၅)ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း။ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ပေါက်ကွဲမှုဖြစ်ပွားရာနေရာ ပတ်ဝန်းကျင်များတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း" လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ဒါ့အပြင် ဒီမနက် (၆)နာရီခွဲကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၂)လမ်းနဲ့ (၈၈)လမ်းထောင့်မှာ မြို့အနံ့လှည့်ကာ ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ စစ်အုပ်စု အင်အား (၃၀)လောက်ပါတဲ့ Double Cup တစ်စီး၊ Faw ကားတစ်စီးနဲ့ ရဲကားတစ်စီးကို ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စခနဲ့ ရခ အများအပြား ထိခိုက်သေဆုံးနိုင်ကာ အော်ဟစ်ငိုနေသံတွေ ကြားရပြီး ကားနှစ်စီး ရပ်တန့်ပျက်စီးသွားတယ်လို့ GZP (Mandalay) က ထုတ်ပြန်ပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို GZP(Mandalay)၊ ပုသိမ်ကြီးမြို့နယ် (ပကဖ)၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီးတော့လည်း စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ စကစတွေ အသေအပျောက် မရှိဘဲ ကားပေါ်ပါ ဒု-ရဲအုပ်တစ်ယောက်ထဲသာ ယာပေါင်နှင့်ယာနှုတ်ခမ်း မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာရပြီး ကားရှေ့ဘီး ပေါက်သွားတယ်လို့ ဆိုပါတယ်။
မန္တလေးမှာ စစ်အုပ်စုက ပြည်သူကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးသတ်ဖြတ်နေသလို စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ နေရာတွေကိုလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မန္တလေး အမှတ်(၁၁)ရဲစခန်းရှေ့မှာ စစ်အုပ်စုရဲ့ အချုပ်ကား အနီးကပ် ဗုံးထုခံရကာ ထိခိုက်ပျက်စီးသွားစဉ်/Photo - CJ

0 comments:

Post a Comment