Tuesday, November 22, 2022

ကမ္ဘာ့ဖလားမှာ အရက်သေစာ ရောင်းချခွင့်ပိတ်ပင်လိုက်လို့ Budweiser က ဖီဖာကို နစ်နာကြေး ကန်ဒေါ်လာ ၄၇ သန်းတောင်းဖို့ စီစဉ်နေ

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပွဲကြည့်စင်နဲ့ ဘောလုံးကွင်းပရဝုဏ်ထဲမှာ အရက်သေစာရောင်း ချခွင့် ပိတ်ပင်ထားတာနဲ့ပတ်သက်ပြီး Budweiser ဘီယာထုတ်လုပ်ရေးလုပ်ငန်းစုဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဆီကနေ နစ်နာကြေး အမေရိကန်ဒေါ်လာ ၄၇ သန်းတောင်းဆိုဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
Budweiser ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အဓိကစပွန်ဆာအဖြစ် ရပ်တည်နေပြီး ဖီဖာနဲ့ Budweiser တို့အကြားမှာ စတင်လက်တွဲခဲ့တာက ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံ ကာတာနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းဖို့ အချိန်နီး ကပ်တော့မှ ပွဲကြည့်စင်တွေထက်မှာ ဘီယာရောင်းချခွင့်နဲ့ ဘီယာသောက်သုံးခွင့်တို့ကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ဘောလုံးပွဲကြည့်ရှုဖို့ ရောက်ရှိလာတဲ့ သာမန်ပရိသတ်တွေဟာ ကာတာက ကန့်သတ်ထားတဲ့နေရာတွေမှာသာ ဘီယာကို သောက်သုံးခွင့်ရှိပြီး ငွေကြေးတတ်နိုင်သူတွေကသာ အကောင်းစားဟိုတယ်တွေမှာ တည်းခိုနေထိုင်တဲ့အတွက် ဘီယာ၊ ရှန်ပိန်၊ ဝိုင်နဲ့ အရက်ယာမကာကို စိတ် ကြိုက်သောက်သုံးခွင့်ရနေတာဖြစ်ပါတယ်။
Budweiser ဘီယာထုတ်လုပ်ရေးလုပ်ငန်းစုကို ပိုင်ဆိုင်တဲ့ Anheuser-Busch ကုမ္ပဏီဟာ လက်ရှိ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီဖာနဲ့ အမေရိကန်ဒေါ်လာ ၇၅ သန်းတန်ကြေးရှိတဲ့ စပွန်ဆာ စာချုပ်ကို ချုပ်ဆိုထားပြီး ရှေ့လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း အမေရိကန်ဒေါ်လာ ၁၁၂ သန်းတန် စပွန်ဆာစာချုပ် ချုပ်ဆိုထားပြီးဖြစ်ပါတယ်။
Budweiser ဟာ သူ့ရဲ့အဓိကထုတ်ကုန်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ဦးတည်းသီးသန့် မူပိုင်ခွင့်နဲ့ရောင်းချနိုင်စေဖို့အတွက် အခုလိုမျိုး စပွန်ဆာစာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး စာချုပ်ပါအခွင့်အရေးတွေ မရရှိလို့ သူတို့အတွက် နစ်နာရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖီဖာဆီကနေ နစ်နာကြေးတောင်းဖို့ စီစဉ်‌နေတာဖြစ်ပါတယ်။
ကာတာဟာ လိုင်စင်ရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာသာ အရက်ယာမကာကို ရောင်းချခွင့်ပေးထားပါတယ်။

0 comments:

Post a Comment