Monday, November 7, 2022

သရက်ချောင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း မင်းထွေး သေနတ်ပစ်ခံရလို့ သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ သရက်ချောင်းမြို့နယ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း မင်းထွေး ကိုအမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက မနေ့ကနိုဝင်ဘာ(၇)ရက်နေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
" ကိုမင်းထွေး ကကြံ့ခိုင်ရေးလူငယ်အဖွဲ့ခေါင်းဆောင်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်ပေမယ့် အကြီးအကျယ်ရှုံးထားတာ၊ မနေ့ကသူ ကားနဲ့ပြန်လာတုန်း ဆိုင်ကယ်နဲ့လူနှစ်ယောက်ကအနီးကပ်ပစ်သွားတာ၊ ကျည်ဆံရာတွေများတယ်၊ အခုပေါ်နေတဲ့ ပျူစောထီးအဖွဲ့မှာ ခေါင်းဆောင် လုပ်နေတာ၊ သူ့မှာ ကိုယ်ပိုင်သေနတ်လည်းရှိတယ်လည်းကြားတယ်" လို့ဒေသခံတဦးကပြောပါတယ်။
ပစ်ခတ်ခံရသူ ကိုမင်းထွေးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရဲ့ သရက်ချောင်းမြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပေမယ့် ပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်ဟုတ်မဟုတ်ဆိုတာကိုတော့ သီးခြားအတည်ပြုလို့မရရှိသေးပါဘူး။
ကိုမင်းထွေး ကိုပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei)ကတော့ ဦးမင်းထွေးဟာ ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်သလို စစ်ကောင်စီတပ်နဲ့ပေါင်းပြီး သပိတ်စစ်ကြောင်းက တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီခိုင်းတာတွေ၊ စစ်တပ်အားကိုးနဲ့ ပြည်သူတွေကို ခြိမ်းခြောက်ကာ အိမ်မြေတွေကို လုယူ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချပြီး ကိုယ်ကျိုးရှာသူဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

C8 News

0 comments:

Post a Comment