Tuesday, November 22, 2022

ယွမ်ငွေလဲနှုန်းကြောင့် တရုတ်သို့ တင်ပို့ရောင်းချမည့် ကြံဈေးကောင်းရနိုင်

ယွမ်ငွေလဲနှုန်း မြင့်တက်နေတာကြောင့် ဒီဇင်ဘာကြံရာသီ စတင်ချိန် တရုတ်နိုင်ငံကို တင်ပို့ရောင်းချမယ့် ကြံတွေ ဈေးကောင်းရနိုင်တယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက သုံးသပ်ပြောကြားပါတယ်။
‘‘သူတို့ဘက်(တရုတ်)က ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ စစ်ဆေးတာတွေ မြန်ရင်တော့ အဆင်ပြေနိုင်မှာပါ။ ဒီဘက်က ကြမ်းခင်းဈေးလည်း ဒီနှစ်ဈေးကောင်းပါတယ်’’လို့ အသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆိုပါတယ်။
ဝန်ကြီးဌာနအပါအဝင် ယခုလအတွင်း သုံးပွင့်ဆိုင် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ကြံရာသီမှာ စက်ရုံတွေက ကြံတစ်တန်ကို ကျပ် (၇) သောင်းမှ ကျပ် (၉) သောင်းကြား ဈေးနှုန်းသတ်မှတ်ပြီး ဝယ်ယူသွားဖို့ ဆုံးဖြတ်ထားပါတယ်။
တရုတ်နိုင်ငံကို လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်ခမ်းစတဲ့ နယ်စပ်ဒေသတွေက စိုက်ပျိုးထားတဲ့ ကြံတွေ တင်ပို့ရောင်းချလေ့ရှိပြီး တရုတ်ဘတ်က ယွမ်ငွေနဲ့ ဝယ်ယူတာဖြစ်လို့ ကြံတစ်တန်ကို ကျပ် (၂) သိန်းကျော်လောက် ရရှိနိုင်တာလို့ ဦးဝင်းဌေးက ဆက်ပြောပါတယ်။
‘‘တွက်ချေကိုက်တာပေါ့။ တင်ပို့တဲ့အခါမှာလည်း ကုန်စိမ်းကားအနေနဲ့ Green Channel တစ်ခုပေးပြီး ဝင်လို့ထွက်လို့ရမှာ အဆင်ပြေမှာ။ ဘာလို့လဲဆိုရင် ကြံက ခုတ်ပြီးရင် ၂၄ နာရီအတွင်း စက်ရုံကို ရောက်မှ အဆင်ပြေတာ။ ၂၄ နာရီကျော်သွားရင် ကြံက ချဉ်သွားတယ်’’လို့ ၎င်းက ပြောပြပါတယ်။
ကြံသယ်ယူပို့ဆောင်တဲ့နေရာမှာ အဆင်ပြေစေဖို့ ကြံကားတွေကို တာဝန်ယူတဲ့ စက်ရုံတချို့မှလည်း ပြည်တွင်းစက်သုံးဆီ လက်ကားကုမ္ပဏီတွေကနေ တိုက်ရိုက်ဝယ်ယူဖို့ သက်ဆိုင်ရာကို တင်ပြတဲ့အခါ အဆင်ပြေမှုရှိတယ်လို့ သိရှိရပါတယ်။
ကြံကို ရှမ်း(တောင်/မြောက်)နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာ အဓိကစိုက်ပျိုးပြီး ပဲခူးတိုင်း(အရှေ့/အနောက်)၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာလည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment