Tuesday, November 1, 2022

အာဆီယံအဖွဲ့ဝင်တွေထဲမှာ ထိုင်းက မြန်မာရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်လာ

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၅)လအတွင်း မြန်မာနိုင်ငံရဲ့ ဒေသတွင်း ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ နယ်နမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံက အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်လာတယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာန(MOC)ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
MOC စာရင်းတွေအရ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်မှုကိုကြည့်ရင် အမေရိကန်ဒေါ်လာ (၅) ဘီလီယံကျော် ပမာဏရှိခဲ့ပြီး ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုကိုက ကန်ဒေါ်လာ (၂.၅) ဘီလီယံနီးပါးအထိ ပါဝင်ပတ်သက်နေပါတယ်။
ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားတဲ့ စင်ကာပူနဲ့ ကုန်သွယ်နိုင်မှုကတော့ ဒေါ်လာ (၁.၈) ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေပြီး မြန်မာနိုင်ငံထံ စားအုန်းဆီတင်ပို့ရောင်းချသူ အင်ဒိုနီးရှားကတော့ ဒေါ်လာ (၅၃၅) သန်းနဲ့ တတိယကုန်သွယ်မှုအများဆုံး ပြုလုပ်ထားတဲ့ နိုင်ငံအဖြစ် ရပ်နေပါတယ်။
မလေးရှားနိုင်ငံနဲ့လည်း ဒေါ်လာ (၄၉၃.၆၅) သန်း၊ ဗီယက်နမ်နဲ့ ဒေါ်လာ (၂၂၂.၅၆၈) သန်း၊ မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံကုန်သွယ်မှုက ဒေါ်လာ (၈၆.၄၃၃) သန်း၊ ကမ္ဘောဒီးယားနဲ့ ကုန်သွယ်မှုက ဒေါ်လာ (၃.၀၈၆) သန်း၊ ဘရူနိုင်းနဲ့ ကုန်သွယ်မှုက ဒေါ်လာ (၃၀.၁၆၆) သန်း ရှိခဲ့ပြီး လာအိုနိုင်ငံနဲ့တော့ အနည်းဆုံးပမာဏဖြစ်တဲ့ ဒေါ်လာ (၁) သန်းအောက်သာ ကုန်သွယ်နိုင်ခဲ့ပါတယ်။
ဒီပမာဏတွေက နယ်စပ်ကုန်သွယ်ရေးနဲ့ ပင်လယ်ရေကြောင်းတို့ကတစ်ဆင့် ကုန်သွယ်နိုင်ခဲ့တဲ့ ပမာဏဖြစ်ပြီး MOC ရဲ့ ဖော်ပြချက်အရ ပို့ကုန်တန်ဖိုး ဒေါ်လာ (၁.၉၂၇) ဘီလီယံနဲ့ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၃.၆၆၇) ဘီလီယံကျော်ရှိကာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ (၁.၈) ဘီလီယံနီးပါး ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်တွေထဲမှာ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်ပစ္စည်းတွေအပြင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပါဝင်ပြီး သွင်းကုန်တွေထဲမှာတော့ အစားအသောက်နဲ့ အဖျော်ယမကာတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ မော်တော်ယာဉ်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment