Tuesday, November 1, 2022

အပျိုမိန်းကလေးကို ခိုးယူထွက်ပြေးသွားတဲ့ ကံပေါက်ရဲစခန်းက အိမ်ထောင်ရှိရဲကို ခိုးယူခံရတဲ့မိန်းကလေးက ဖုန်းဆက်တိုင်လို့အဖမ်းခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက် နယ်မြေရဲစခန်းမှ အပျိုမိန်းကလေးကို ခိုးယူထွက်ပြေသွားတဲ့ ရဲဒုတပ်ကြပ်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ကံပေါက်နယ်မြေရဲစခန်းက အသက် ၂၈ နှစ်အရွယ် ရဲဒုတပ်ကြပ် အောင်နိုင်ဟာ ရဲလိုင်းခန်းမှာနေထိုင်တဲ့ အခြားရဲတပ်ဖွဲ့ဝင်ရဲ့သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မမိုးမိုး ကို ခိုးယူထွက်ပြေးသွားပြီးတဲ့နောက် မမိုးမိုးက ဖုန်းဆက်ပြီးတိုင်လိုက်လို့ တပတ်လောက်အကြာ အောက်တိုဘာလ ၁၉ ရက်နေ့မှာဘဲ ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။
"ခိုးပြေးသွားတာက အိန္ဒရာဇာကျေးရွာဖက်ကိုပါ။အဲဒီနောက် စစ်ကောင်စီတပ်တွေက အပူတစ်ပြင်းလိုက်ရှာနေတာကိုသူတို့သိတော့ ဂန့်ဂေါ်တောင်ကျေးရွာဖက်ကိုပြောင်းလာတာပေါ့။အဲဒီအချိန်မှာ ကောင်မလေးက သူ့အမေတွေကိုဖုန်းဆက်လိုက်တယ်။သူအခု ဂန့်ဂေါ်တောင်ကျေးရွာက အိမ်တစ်အိမ်မှာ ရှိနေတယ် သူ့ကိုလာခေါ်ပါလို့ပြောလိုက်တာ။အဲ့တာနဲ့ ကံပေါက်နယ်မြေရဲစခန်းက ရဲတွေက သွားဖမ်းတာ"လို့ ကံပေါက် ရဲစခန်းနဲ့နီးစပ်တဲ့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီ ရဲဒုတပ်ကြပ် အောင်နိုင်ဆိုသူ ကို အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ကံပေါက်နယ်မြေရဲစခန်းမှတစ်ဆင့် ရေဖြူမြို့သို့ ပို့ဆောင်လိုက်တယ်လို့ ရဲနဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
'' ရဲ ဒုတပ်ကြပ်အောင်နိုင်ကို ရေဖြူမြို့မှာ စစ်ဆေးပြီးရင် တော့ သူ့ကို ထောင်ချမှာလား ၊ဒါမှ မဟုတ် ရာထူးတစ်
ဆင့်လျှော့ နယ်ပြောင်းခိုင်းပြီး တာဝန်ပြန်ထမ်းဆောင်ခိုင်းမှာလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး'' လို့ ဆက်လက်ပြောပါတယ်။
ရဲဒုတပ်ကြပ် အောင်နိုင်ဟာ အိမ်ထောင်ရှိရဲတဦးဖြစ်ပြီး ရဲစခန်းအတွင်းနေထိုင်တဲ့ မမိုးမိုးကို အောက်တိုဘာလ ၁၃ ရက်နေ့က ခိုးယူထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ-ကံပေါက်နယ်မြေရဲစခန်းမှ ပြန်လည်ဖမ်းဆီး ရမိသည့် ရဲဒုတပ်ကြပ်အောင်နိုင်။
ဧရာဝတီတိုင်းမ်

0 comments:

Post a Comment