Monday, November 7, 2022

မုံရွာတွင် PDF စခန်းတခု စီးနင်းခံရ၊ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် နယ်မြေရှင်းလင်းရေး လုပ်နေသော စစ်ကောင်စီတပ်သည် ထန်းလေးပင် ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးတပ်စခန်းတခုကို ဝင်ရောက် စီးနင်းရာတွင် သေဆုံးသူ ၈ ဦးအထိ ရှိပြီး လက် နက်ခဲယမ်းများ သိမ်းဆည်းခံလိုက်ရကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က ထန်းလေးပင်ရွာအနီးရှိ PDF စခန်းတခုကို စီးနင်းရာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၈ ဦးရှိခဲ့သည့်အနက် ၄ ဦးမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ပြီး ကျန် ၄ ဦးကိုမူ အတည်မပြု နိုင်သေးကြောင်း မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
"၄ ယောက်က သူတို့နဲ့တိုက်ပွဲဖြစ်ရင်း ကျည်မလောက်လို့ ကျတာ။ စစ်ကြောင်း မထွက်သေးလို့ ကျန်လူတွေက ဘယ်သူ၊ ဘယ်ဝါဆိုတာ အတည်ပြုလို့ မရသေးဘူး။ ၄ ယောက်ကတော့ ရဲဘော်ဖြစ်တဲ့အတွက် အတည်ပြုနိုင်တာ" ဟု ၎င်းက ပြောသည်။
နိုဝင်ဘာလ ၃ ရက်ကတည်းက စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် မုံရွာ- အမြင့်လမ်းတလျောက်ရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီးနောက် နိုဝင်ဘာ ၆ ရက် နေ့လယ် ၁ နာရီတွင် ထန်းလေးပင်ရွာသို့ ရောက်ရှိလာကာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အင်အား ၁၀၀ ကျော်ပါ အဆိုပါ စစ်ကြောင်းတွင် မုံရွာအခြေစိုက်တပ်ရင်းက ထွက်လာသည့် တပ်ဖွဲ့ဝင်များ အပြင် တောပုရွာရှိ ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယင်းစစ်ကြောင်းကြောင့် မုံရွာ- အမြင့်လမ်းဘေး ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံ ပြည်သူ သုံးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး ယနေ့ (အောက်တိုဘာ ၇ ရက်) အထိ ထန်းလေးပင်ကျေးရွာအတွင်း အထိုင်ချနေကာ အိမ်တချို့လည်း မီးရှို့ဖျက် ဆီးလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီကို ထောက်ခံ ရေးသားနေသည့် တယ်လီဂရန် ချန်နယ်များတွင်လည်း စစ်တပ် နယ်မြေရှင်းလင်းရေးလုပ်ရာတွင် ထန်းလေးပင်ရွာအနီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရ မိကြောင်းကို ပုံများနှင့်တကွ ဖော်ပြနေကြသည်ကို တွေ့ရသည်။

ပုံစာ- စစ်ကောင်စီတပ် တပ်စွဲထားသည့် ထန်းလေးပင်ရွာ (ဓာတ်ပုံ- CJ)
ဧရာဝတီ

0 comments:

Post a Comment