Tuesday, November 22, 2022

နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ရငွေကို ဒေါ်လာအပြင် ယွမ်/ဘတ်တို့ဖြင့် ပေးချေခွင့်ပြုပြီး အဆိုပါပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်စျေးဖြင့် တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ထုတ်ပြန်

နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ရငွေကို ဒေါ်လာအပြင် ယွမ်/ဘတ်တို့ဖြင့် ပေးချေခွင့်ပြုပြီး အဆိုပါပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်စျေးဖြင့် တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) အစည်းအဝေးမှတ်စဉ်(၆၆/၂၀၂၂) ဆုံးဖြတ်ချက်အပိုဒ် ၁ (ဋ္ဌ)တွင် “ပြည်ပသို့ နယ်စပ်မှတင်ပို့သည့် အောက်ပါပစ္စည်းများ၏ ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ အဆိုပါရငွေသည် ဒေါ်လာနှင့်ပေးချေရန် ခက်ခဲနေသည့်ကုန်ပစ္စည်းများအတွက်ဖြစ်ပါက ယွမ်နှင့်ဖြစ်စေ၊ ဘတ်နှင့်ဖြစ်စေ၊ ပေးချေရန်နှင့် အဆိုပါပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအား ဒေါ်လာဖြင့် တွက်ချက်၍ ညီမျှသောပမာဏကို ဗဟိုဘဏ်၏ သတ်မှတ်စျေးနှုန်းဖြင့် အလုပ်လုပ်ရက်တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဝယ်ယူရန်နှင့် ကျန် ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူအနေဖြင့် ရက် ၃၀ အတွင်း မိမိကိုယ်တိုင်အတွက် လွတ်လပ်စွာသုံးစွဲခြင်း၊ အခြားသူသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းကို ဆောင်ရွက်ရန်ဖြစ်သည်။

ယင်းကုန်စည်များမှာ ပဲမျိုးစုံ(မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ)၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း)၊ပြောင်း၊ ရော်ဘာ၊ ရေထွက် ပစ္စည်း၊ ငါးမျိုးစုံ(ပုစွန်၊ ဂဏာန်း၊ ငါးရှဉ့်)၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း (ကျွဲအရှင်၊ နွားအရှင်၊ ဆိတ်အရှင်၊ ကျွဲသားရေ၊ နွားသားရေ၊ ဆိတ်သားရေ၊ အေးခဲသားနှင့်အသားခြောက်)တို့ဖြစ်သည်။

ထို့ပြင် ပြည်ပသို့ နယ်စပ်မှ တင်ပို့သည့် ပစ္စည်းများအတွက် တရုတ်ယွမ်၊ ထိုင်းဘတ်နှင့်ရရှိသည့် ပို့ကုန်ရငွေများအနက် ၃၅ ရာခိုင်နှုန်းမှာ လွတ်လပ်စွာရောင်းချနိုင်ပြီး ၆၅ ရာခိုင်နှုန်းကို USD convert ပြုလုပ်ပြီး FESC သို့ တင်ပြရန်၊ ၆၅ ရာခိုင်နှုန်းအတွက် တရုတ်ယွမ်နှင့်ထိုင်းဘတ်ကို ကျပ်ငွေပြောင်း လဲရာတွင် ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် တင်ပို့သူအား ပေးချေရန် ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်ရာ FESC ၏အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် နယ်စပ်တွင် အထက်ပါကုန်စည်များအား တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်ညွှန်ကြားထားသည်။

ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်တင်ပို့ခြင်းမှ တရုတ်ယွမ်၊ ထိုင်းဘတ်နှင့်ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား အလုပ်လုပ်ရက်တစ်ရက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် website တွင် နေ့စဉ်ထုတ်ပြန်သည့် နိုင်ငံခြားငွေအမျိုးအစားအလိုက် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူရန်၊ ဝယ်ယူထားသည့် တရုတ်ယွမ်၊ ထိုင်းဘတ်တို့အား ဒေါ်လာနှင့် တန်ဖိုးသင့်၍ ဘဏ်မှ ရောင်းချနိုင်သည့်ပမာဏအဖြစ် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြရန်၊ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းအား ပို့ကုန်တင်ပို့သူ ကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်သို့ ရောင်းချခြင်းစသည့် Transaction များကို ဆောင်ရွက်ပေးရန်၊ ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေဝယ်ယူထားသည့်ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည် ၎င်းတို့ဝယ်ယူထားသည့် ပို့ကုန်ရငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ပြန်လည်ရောင်းချခြင်းတို့အား ဆောင်ရွက်ပေးရန်ဖြစ်သည်။

ထို့ပြင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာနယ်စပ်ကုနသွယ်ရေးအစီအစဉ်အောက်မှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားငွေဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ မပျက်မကွက် သတင်းပို့ရန်ဖြစ်သည်။

အဆိုပါညွှန်ကြားချက်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှစတင်၍ လိုက်နာဆောင်ရွက်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။


Eleven

0 comments:

Post a Comment