Tuesday, November 22, 2022

ဧရာဝတီတိုင်းမှာ တောင်သူလက်ထဲ စပါးလက်ကျန် မရှိတော့မှ စပါးဈေး မြင့်တက်နေ

ဧရာဝတီတိုင်းမှာ တောင်သူတွေလက်ထဲ စပါးလက်ကျန် မရှိတော့တဲ့အချိန်မှ စပါးတင်း ၁၀၀ ကိုငွေကျပ်၂၅ သိန်းနဲ့ စံချိန်တင်အမြင့်ဆုံးရောက်နေပြီး လက်ရှိပေါနေတဲ့ စပါးဈေးဟာ တောင်သူတွေ အတွက်အကျိုးမရှိဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက တောင်သူတွေ ဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းက တောင်သူတွေဟာ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ နွေစပါးဆက်စိုက်ဖို့ စိုက်ပျိုးစရိတ် အရင်းအသုံးပြုဖို့ အတွက်တောင်သူတွေ အနေနဲ့ လက်ထဲ မှာစပါးလက်ကျန်မထားနိုင်တော့ဘဲ စပါးပေါ်ချိန်ကတည်း ကထုတ်ရောင်းခဲ့ကြတာကြောင့် စပါးရှားလာပြီး အခုလို ဈေးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။

"ကုန်သည်တွေက စပါးကို လိုချင်တဲ့အခါကျတော့ ဈေးတွေပေးဝယ်နေကြတာရယ် ၊လက်ကျန်စပါးတွေ ရှားလာတာရယ်ကြောင့် စပါးဈေးက ကျပ် ၂၅ သိန်းအထိ ပေါက်နေတယ် ၊လက်ရှိပေါက်နေတဲ့ ဈေးက တောင်သူတွေအတွက် ဘာအကျိုးမှမရှိဘူးဖြစ်နေတယ် ၊ ဒီနှစ်ပိုင်းတွေမှာ တောင်သူတွေအများစုက နွေစပါး စိုက်ဖို့အတွက် မိုးစပါးတွေကို ရောင်းထုတ်ပြီး အရင်း ပြန်လုပ်ရတာ တွေကြောင့်လည်းလက်ထဲ စပါးမထားပဲရောင်းထုတ် ရေတာ ၊နောက်ပြီး ဒီနှစ်တွေမှာကလည်း နိုင်ငံရေးအခြေ အေနအရ ဘယ်နေ့ ဘာဖြစ်မယ်မသိဖြစ်နေတာ ၊ ဒါကြောင့် စပါးပေါ်ဒါနဲ့ အကုန် ထုတ်ရောင်းပစ်လိုက်ကြ ပြီး လုပ်စရာ ရှိတာတွေကို လုပ်နေတာ"လို့ ဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်က တောင်သူတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်း ဈေးကွက်မှာ ပြည်တွင်းစားဆန်များဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် ၂၅ သိန်းအထိ ပေါက်ဈေးရှိနေပြီး ဧရာဝတီတောင်ပျံ ပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ နဲ့ အရောင်းအဝယ်ဖြစ်နေကာ ပြည်ပတင်ပို့နေတဲ့ ဆန်ကြမ်းစပါးဈေးကတော့ ကျပ် ၁၃ သိန်းအထိ စံချိန်တင်ဈေးနှုန်း ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

"ကျွန်မတို့ တောင်သူတွေအတွက် အခုဖြစ်နေတဲ့ စပါး ပေါက်ဈေးကဘာမှ အကျိုးမထူးဘူး ၊ ကျွန်မတို့တောင်သူတွေကစပါး အတက်ဈေးနဲ့မရတဲ့အပြင် ရိတ်ချွေခပေးရ တာနဲ့၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးနဲ့ပဲကုန်တာ ၊ဒီနှစ်မှာ ရွှေခရု ကိုက်ဖျက်စီးတာတွေရှိတော့ နွေစပါးပြန်စိုက်ဖို့ တောင် အပြင်ကနေ အတိုးနဲ့ချေးလုပ်နေရတယ်"လို့ကျိုက်လတ်မြို့နယ်က တောင်သူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် လယ်ယာ စိုက်ပျိုးရေး သွင်းကုန် ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေလို့ စိုက်ပျိုးရေးအတွက် လိုအပ်သ လောက် မသုံးနိုင်ခဲ့တာကြောင့် စပါးအထွက်နှုန်းတွေ လည်းလျော့ကျခဲ့ကာ အထွက်နှုန်းမှာ ဒီနှစ်ပျှမ်းမျှ ၃၅ ရာခိုင်နှုန်းလောက်လျော့သွားခဲ့ပြီး အရင်နှစ်တွေကတင်း ၁၀၀ ထွက်ရင် အခုနှစ် ၆၅ တင်းလောက်ပဲ ထွက်တော့တယ်လို့ ဒေသခံ တောင်သူတွေက တညီတညွတ်တည်းပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က Export ဆန်ကြမ်းစပါး တင်း ၁၀၀ ကို ကျပ် ၁၀ သိန်း ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် သိန်း ၂၀ ဝန်းကျင်၊ ဧရာဝတီတောင်ပျံစပါး တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းအထိသာ ရှိခဲ့တယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment