Monday, November 7, 2022

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ရေးကိုအာဆီယံအပါအဝင်ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဦးစားပေးဆောင်ရွက်သင့်သည်ဟု NLD ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဖြစ်သူလူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်း သားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့်ဦးစားပေးဆောင်ရွက်သင့်သည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်တိုက်တွန်းခဲ့သည်။
"လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်း ဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း" NLD အဖွဲ့ချုပ်ကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသား ပြည်သူလူထုကအပ်နှင်းလိုက်သောတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသား အင်အားစုများ ၊မိတ်ဖက်အဖွဲ့အ စည်းများ နှင့် တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း NLD ကယနေ့တွင်ထုတ်ပြန်ခဲ့သည်။
ထို့ပြင်စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီဖေါ်ထုတ်အရေးယူ နိုင်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရေးအတွက်ကုလ သမဂ္ဂ အပါအဝင်အဖွဲ့အစည်းအသီးသီးနှင့်ကမ္ဘာ့နိုင်ငံအသီးသီးကပါယခုထက်ပိုမိုထိရောက်စွာကူညီပေးကြပါရန်လည်းထပ်မံတိုက်တွန်းထားသည်။
စစ်ကောင်စီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားသော လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့ (NLD-HRD T) ၏‌အောက်တိုဘာ ၃၁ ရက်အထိရရှိထားသောမှတ်တမ်းများအရ ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး၊ ဖမ်းဆီးထားစဥ်ကာလအတွင်းသေဆုံးသူ လွှတ်တော်ကိုယ် စားလှယ် ၂ ဦးအပါအဝင် ၆၇ ဦးရှိကာ၊ ပါတီရုံးများကိုကျူးကျော်ဝင်ရောက်မှု ၁၂၀ ကြိမ်မှ ပါတီဝင်၂၇၄ ဦး၏ ပိုင်ဆိုင်မှုနေအိမ်များ ချိတ်ပိတ်သိမ်းဆည်းခံရမှုတွင် လွှတ်တော်ကိုယ်စား လှယ် ၁၃၆ ဦး ပါဝင်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်သည့် နိုင်ငံရေးပါတီစုစုပေါင်း ၉၁ ပါတီရှိပြီး၊ အနိုင်ရပါတီ ၁၉ ပါတီ နှင့် တသီးပုဂ္ဂလဝင်ရောက်ယှဥ်ပြိုင်သူ များမှ တိုင်းနှင့်ပြည်နယ် ၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ အနိုင်ရရှိခဲ့သည်။
နိုင်ငံတဝှမ်း မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ် ရှိရာတွင် စုစုပေါင်း ၁၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ ယုံကြည်စွာ တာဝန်ပေးရွေးချယ်မှုဖြင့် မဲဆန္ဒနယ် ၉၂၀ တွင်အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၈၂ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ တရားဝင်မှုနှင့် နိုင်ငံတကာ အသိအမှတ်ပြုထောက်ခံမှုရရှိရန် အတုအယောင် ရွေး ကောက်ပွဲတခုအား ကျင်းပရန်ကြိုးပမ်းနေမှုအပေါ် NLD အနေဖြင့် လုံးဝ လက်ခံအသိ အမှတ်ပြုမည်မဟုတ်ကြောင်းလည်း ကြေညာချက် တွင် ဖော်ပြထားသည်။
ထို့ကြောင့် အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်ကမ္ဘာ့နိုင်ငံအသီးသီးကလည်းမြန်မာနိုင်ငံ ၏ဒေသတွင်းတည်ငြိမ်မှုအ‌ပေါ်ကူညီဖြေရှင်းပေးရန်ကြိုးပမ်းလာရာအသိအမှတ်ပြုကျေးဇူး တင်‌ကြောင်း၊ ပြည်သူလူထု ၏ ဆန္ဒမှန်ကိုအသိ အမှတ်ပြုထင်ဟပ်စေသောရည် ရွယ်ချက် နှင့်လက်တွေ့ကျသော လုပ်ငန်းစဉ်များ ဖြစ်ရန်လိုအပ်ကြောင်း NLD ကဆိုသည်။
ထို့ပြင်လတ်တလော ပြဿနာများပြေလည်ရေးကိုသာရှေးရှုပြီး ဦးစားပေးဆောင်ရွက်မှုများသည် မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီရေး လူ့အခွင့်အရေးများ ကိုထိခိုက် ပျက်သုဥ်းစေနိုင်ပြီး အနာဂါတ် မြန်မာနိုင်ငံအား အနိဌါရုံများအတွင်းသို့ တွန်းပို့လိုက်ရာရောက်စေနိုင်သဖြင့် ယင်းသို့ မဖြစ်စေရေးအတွက် အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်ကမ္ဘာ့နိုင်ငံအသီးသီးကအထူးသတိပြုရန် လိုအပ်ကြောင်း NLD ကအသိပေးထုတ်ပြန်ထားသည်။

0 comments:

Post a Comment