Monday, November 7, 2022

ပြည်သူများ တန်ဆောင်မုန်းလပြည့်တွင် အပြင်မထွက်ရန်နှင့် အပြင်ထွက်ပါက ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်မည်ဟု PDF မှ ခြိမ်းခြောက်ထားသော်လည်း NUG ဝန်ကြီးက ဆုမွန်ကောင်းတောင်း

ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် အပြင်မထွက်ရန်နှင့် အပြင်ထွက်ပါက တိုက်ခိုက်မှုများပြုလုပ်မည်ဟု NUG က မွေးထုတ်ထားသည့် PDF များက ခြိမ်းခြောက်ထားသော်လည်း NUG ဝန်ကြီးဒေါ်ဇင်မာအောင်ကမူ ပြည်သူများငြိမ်းချမ်းစေရန် ဆုမွန်ကောင်းများ တောင်းထားသည်။
တန်​ဆောင်မုန်းလပြည့်နေတွင် လူကြီးမိဘ ပြည်သူများအနေဖြင့် ရှေးယခင်ကတည်းက ဘုရားစေတီများတွင် မသိုးသင်္ကန်းရက်လုပ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းများပြုလုပ်သကဲ့သို့ လူငယ်များကလည်း စျေးပွဲတော်များသွားရောက်ခြင်း၊ Night Club များ ပါတီပွဲများသွားရောက်ခြင်း၊ Stage Show များဆင်နွှဲရာသို့သွားရောက်ခြင်းများ ပြုလုပ်ကြလေ့ရှိပြီး ယခုနှစ်တွင်မူ ထိုသို့ပြုလုပ်ခြင်းများမှာ SAC ၏ စည်ကားသိုက်မြိုက်ရေးလုပ်ဆောင်မှုများကို အားပေးသည်ဟု စွပ်စွဲဲပြီး သွားရောက်ဆင်နွှဲသူများကို တိုက်ခိုက်မည်ဟု PDF က ခြိမ်းခြောက်ထားကြခြင်းဖြစ်သည်။
''တန်ဆောင်မုန်းလပြည့်နေ့ အခါသမယသည် ဗုဒ္ဓဘာသာဝင်တို့ ကုသိုလ်ကောင်းမှုပြုလုပ်ရာနေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက အဇာတသတ်မင်းအား သာမညဖလသုတ္တန်ကို ဟောတော်မူ၍ အသိတရားရစေခဲ့သော သာမညဖလအခါတော်နေ့လည်းဖြစ်ပါသည်။ ဤသို့သောရက်မြတ်အခါကာလတွင် ရပ်ဝေးရပ်နီးရှိဗုဒ္ဓဘာသာဝင်အပေါင်းတို့ ငြိမ်းချမ်းသာယာရှိနိုင်ကြပါစေ။ တန်ဆောင်တိုင်ပွဲတော်တွင် မြန်မာပြည်သူပြည်သားများ ဆီမီးထွန်းညှိပူဇော်ကြသကဲ့သို့ ငြိမ်းချမ်းသာယာခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်၏ အလင်းရောင်များသည်လည်းမြန်မာနိုင်ငံတွင် အမြန်ဆုံး ထွန်းလင်းတောက်ပ လာနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်''ဟု NUG ဝန်ကြီးဒေါ်ဇင်မာအောင် ယင်း၏ Facebook တွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဝါဆိုလပြည့်နှင့် သီတင်းကျွတ်လပြည့်နေ့များကလည်း PDF များက အများပြည်သူသွားလာရာနေရာများသို့ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် ပြည်သူများသေကြေဒဏ်ရာရခဲ့ကြသည်။ ယခုတန်ဆောင်မုန်းလပြည့်တွင်လည်း ပျော်ပွဲရွှင်ပွဲများသို့ မသွားရန်နှင့် သွားပါက ဗုံးခွဲတိုက်ခိုက်ဒဏ်ပေးမည်ဟု ရန်ကုန်တွင် Dark Shadow၊ Brave Eagles မြေအောက် PDF အဖွဲ့များနှင့် မန္တလေးတွင် MDF-PDF နှင့် Annonymous Force MDY တို့အပြင် အခြား PDF များကလည်း ခြိမ်းခြောက်ထားသည်။




ပုံစာ။ NUG ဝန်ကြီးဒေါ်ဇင်မာအောင် ဆုတောင်းနှင့် NUG ကမွေးထုတ်ထားသည့် PDF များ၏ ခြိမ်းခြောက်စာများကို တွေ့ရစဥ်

0 comments:

Post a Comment