Tuesday, November 22, 2022

ရှမ်းတောင် USDP ပါတီ အတွင်းရေးမှူး တာဝန်မှ အနားယူခွင့် တင်

ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်းရေးမှူးဖြစ်သူ စိုင်းဇော်ဇော်သည် ပါတီတာဝန်မှ အနားယူခွင့်ကို နိုဝင်ဘာလ ၂၂ ရက်က တင်လိုက်ကြောင်း သိရသည်။
စိုင်းဇော်ဇော် သည် ၎င်း၏ ပရဟိတလုပ်ငန်း လုပ်ဆောင်ချက်နှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုများကြောင့် ဒေသတွင်း၌ ထင်ရှားသူ တစ်ဦး ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် USDP တောင်ကြီးမြို့နယ် အတွင်းရေးမှူး၊ ၂၀၁၂ ခုနှစ်တွင် ပြည်နယ်‌ကော်မတီဝင်နှင့် ဗဟိုကော်မတီဝင်၊ ၂၀၂၂ ခုနှစ်တွင် ပြည်နယ်‌ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ကြောင်း သိရသည်။
.
၎င်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာ၌ ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်သည့် ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် (လက်ရှိ ထောင်ဒဏ်ချမှတ်ခံထား) ကို ရှုံးနိမ့်ခဲ့ရကာ ယင်းမဲဆန္ဒနယ်သည် ရှမ်းပြည်နယ်အတွင်း၌ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်ပေါ်ခဲ့သည်။
.
မိသားစု ကျန်းမာရေးကိစ္စကို ဦးစားပေး ဆောင်ရွက်နေရခြင်းကြောင့် ပါတီတာဝန်များ ဆောင်ရွက်ရန် ပျက်ကွက်လျက် ရှိနေသဖြင့် ပါတီတာဝန်မှ အနားယူခွင့် ပြုရန်ဟု တင်ပြစာတွင် ဖော်ပြထားသည်။
.
" မိသားစုအရေးကြောင့် တာဝန် မကျေပွန်မှု များလာသောအခါ ပါတီလုပ်ငန်းများ နှောင့်နေးရသလို လုပ်ဖော် ကိုင်ဖက်များကိုလည်း ပိုမို၍ ပင်ပန်းစေပါသည်။ မည်သူ တစ်ဦးတစ်ယောက်ကြောင့်မျှ မဟုတ်ရပါ၊ချစ်ခြင်း မုန်းခြင်းများ မရှိရပါ၊ လုပ်ကိုင်နိုင်သူမျိုးဆက်သစ်များကို နေရာပေးခြင်းသာ ဖြစ်ပါသည်။" ဟု စိုင်းဇော်ဇော် က ဆိုသည်။
.
စိုင်းဇော်ဇော် ၏ အမျိုးသမီး ဖြစ်သူသည် ၂၀၁၉ ခုနှစ်မှ စတင်၍ ကျန်းမာရေး မကောင်းမွန်သဖြင့် ဆေးရုံ အကြိမ်ပေါင်း ၅၀ ကျော်ခန့် တက်ရောက် ကုသခဲ့ရာ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌ ရောဂါ ဝေဒနာများ ပိုမို ခံစားလာနေရသည်ဟု သိရသည်။
.
[ Photo | Sai Zaw Zaw ]
.

0 comments:

Post a Comment