Tuesday, May 28, 2019

မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော ဧရာဝတီမြစ်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ ရာခိုင်နှုန်း ၆၀ ကျော်ပြီးစီး


မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ဘေးနှင့် ဒုဋ္ဌဝတီမြစ်ကမ်းဘေး ကျေးရွာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအဖြစ် ယခုဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၅ ခု ဆောင်ရွက်နေသည့်အနက် လုပ်ငန်း သုံးခုမှာ ရာနှုန်းပြည့် ပြီးစီပြီဖြစ်ကာ ကျန် ၁၂ ခုမှာ ရာခိုင်နှုန်း ၆၀ ကျော် ပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးမှုတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ 
တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၀၀ ကျော် အသုံးပြုကာ ကမ်းပြိုကာကွယ်ရေးအဖြစ် မြစ်ကြောင်း တစ်လျှောက်ရှိ မတ္တရာ၊ အမရပူရ၊ ငါန်းဇွန်၊ မြင်းခြံ၊ တံတားဦး၊ စဉ့်ကူး၊ ပုသိမ်ကြီးမြို့နယ်များတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁၅ ခုအား မြစ်ရေကျချိန် ကာလတွင် လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြစ်ရေပြန်လည် မမြင့်တက်မီ ကာလတွင် ပြီးစီး ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိတွင် မြစ်ရေ အနည်းငယ် ပြန်လည် မြင့်တက်နေသည့်အတွက် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

“မြစ်ရေ ကျချိန်ကာလမှာ လုပ်ရတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် မြစ်ရေ ပြန်မမြင့်တက်ချိန်အမီ ပြီးအောင် ဆောင်ရွက်ရတယ်။ ခုဆိုရင် မြစ်ရေက တက်လာတော့ အချိန်မီပြီးဖို့ လိုပါတယ်။ အနည်းဆုံး ရာခိုင်နှုန်း ၆၀ ပြီးစီးတဲ့ လုပ်ငန်းတွေ ရှိသလို တချို့က ၇၅ ရာခိုင်နှုန်းလောက် ပြီးတာတွေ ရှိတယ်။ ရာနှုန်းပြည့် ပြီးတဲ့လုပ်ငန်းက သုံးခု ရှိတယ်။ ဇွန်လကုန်မှာ နောက်ဆုံးထား ပြီးစီးဖို့ လျာထားပါတယ်။ လုပ်ငန်း တာဝန်ခံတွေကို အချိန်မီပြီးစီးဖို့ အသိပေးထားတယ်” ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မန္တ လေးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ဒိုင်းက ပြောကြားသည်။ 

ကမ်းပြို ကာကွယ်ရေး တည်ဆောက်ရေး လုပ်ငန်းများကို ဇန်နဝါရီလအတွင်း တင်ဒါခေါ်ယ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁၅ ခုနှင့် ပြည်ထောင်စု ခွင့်ပြုငွေကျပ် သန်း ၆၂၀ ဖြင့် စဉ့်ကူး၊ မတ္တရာ၊ မြင်းခြံနှင့် ကသာဆိပ်ကမ်းတို့တွင် ရေလမ်း ကောင်းမွန်ရေးလုပ်ငန်း လေးခု ဆောင်ရွက်လျက် ရှိသည်။ ထို့အတူ ယခုနှစ်တွင် ကမ်းပြို ကာကွယ်နိုင်ရန် ကမ်းနားအနီးမှ ကျေးရွာများတွင် ကမ်းထိန်း သစ်ပင်များ စိုက်ပျိုးရေး လုပ်ငန်းများလည်း တွဲဖက် ဆောင်ရွက်လျက်ရှိပြီး သစ်ပင် စိုက်ပျိုးခြင်းများကို မြို့နယ်ထွေ/အုပ်နှင့် သစ်တောဦးစီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်နေကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၁၉ ခုနှင့် ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်း သုံးခု၊ စုစုပေါင်း ၂၂ ခုအတွက် ကျပ် ခုနစ်ဘီလျံ သုံးစွဲခဲ့ကြောင်း သိရသည်။ 

ဧရာဝတီမြစ်ရေမှာ မေလအတွင်း အနည်းငယ် မြင့်တက်ခဲ့ပြီး လက်ရှိ မေလတွင် တိုင်းထွာချက်များအရ ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ၄၀၀ စင်တီမီတာ အထက်တွင်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment