Wednesday, May 29, 2019

ကယားပြည်နယ်အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနှင့် ပတ်သက်သည့် မေးခွန်းများ ပယ်ချခံရ


ကယားပြည်နယ်အစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေ ၂၈ ရက်မွန်းတည့် ၁ နာရီတွင် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်ဟု သိရသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနှင့် ပတ်သက်ပြီး ကြိုတင်ပေးပို့ထားသည့် မေး ခွန်းများ ပယ်ချခံရပြီး ရှင်းလင်းပွဲအတွင်းမေး မြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်း မရှိကြောင်း သိရသည်။ 
သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေး ထောက်ခံကြိုဆိုပွဲအား လူထုပေါင်းများစွာဖြင့် လိုလားစွာဖော်ဆောင်ခဲ့သော်လည်း မဖော်ဆောင်ပေးလိုသောသူများမှာ မည်သူများဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ပြောကြားသည် ။ 
“တခြားတိုင်းဒေသကြီးအနေနဲ့ ထူးခြားတဲ့ အခြေအနေ တစ်ရပ်ကို ငြိမ်းချမ်းရေး ထောက်ခံကြိုဆိုပွဲကြီးလုပ်တဲ့နေရာမှာ အင်အားတော်တော်များများနဲ့ လုပ်ခဲ့တယ်။ ထောက်ခံခဲ့ကြပါတယ်။ NCA လမ်းကြောင်းသွားဖို့အတွက် လူထုပေါင်း မြောက်မြားစွာနဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီလူထုပေါင်းများစွာနဲ့ ငြိမ်းချမ်းရေးကို လိုလိုလားလားနဲ့ဖော်ဆောင်ချင်တဲ့ ပြည်သူက အမှန်တကယ်လိုချင်တဲ့ အရွေ့ကို မဖော်ဆောင်ပေးချင်တဲ့ဘက်က ဘယ်သူတွေလဲဆိုတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်လိုမှသဘောမထားဘဲ စိတ်ရှည်သည်းခံစွာနဲ့ တကယ့်စေတနာမေတ္တာတရားတွေ ရှေ့ထားပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားတစ်ရပ်ရှိတယ်ဆိုတာကို တင်ပြချင်ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားတွင်ထည့်သွင်း ပြောကြား သည်။ 
သတင်းစာရှင်းလင်းပွဲတွင် Eleven Media မှ ကြိုတင်ပေးပို့ထားသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် ပတ်သက်သည့် မေးခွန်းများအားလုံး။ ကန္တာရဝတီတိုင်းမ်မှ မေးခွန်းတစ်ခုတို့ ပယ်ချခံထားရပြီး DVB သတင်းဌာနမှ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး ဖော်ဆောင်နေသည်ဆိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုပြဿနာသည် ငြိမ်းချမ်းရေးကို ထိခိုက်မှုရှိမရှိနှင့် မည်သို့ဆက်လက်လုပ်ဆောင်မည်ကို မေးမြန်းရာတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲခေါင်းစဉ်နှင့် မညီညွတ်သော ကြောင့်ဟုဆိုကာ ပြန်လည်ဖြေကြားခြင်း မရှိကြောင်း သိရသည် ။ 
သတင်းစာရှင်းလင်းပွဲသို့ ပြည်နယ်ဝန် ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ။ ဌာနဆိုင်ရာ အသီးသီးမှအရာရှိ ၃၀ ခန့်နှင် ရပ်မိရပ်ဖ ၁၀ ဦး၊ အစိုးရပိုင်မီဒီယာများနှင့် ပုဂ္ဂလိက မီဒီယာလေးခုမှ တက်ရောက်ကြကြောင်း သိရသည် ။ 
သတင်းစာရှင်းလင်းပွဲမပြုလုပ်မီ မေ ၂၁ ရက်တွင် မီဒီယာများက မေးလိုသော မေးခွန်းများအား ကြိုတင်ပေးပို့ရပြီး မေ၂၄ ရက်တွင် ပြည်နယ်အစိုးရရုံးစည်းဝေးခန်းမတွင် မီဒီယာများနှင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ မေးခွန်းနှင့် အဖြေများအား ကြိုတင်ပြင်ဆင်သည့် အနေဖြင့်ဟုဆိုကာ သွားရောက်ညှိနှိုင်းလေ့ကျင့်ရကြောင်း သိရသည် ။ 
သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်အတွင်း အောင်မြင်သည့် လုပ်ငန်းများမအောင်မြင်သည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားကြကြောင်း သိရသည်။


Eleven Media Group 

0 comments:

Post a Comment