Friday, May 31, 2019

မိုဘိုင်းအော်ပရေတာ EE က ဗြိတိန်နိုင်ငံတွင် ပထမဆုံး 5G ကွန်ရက် စတင်



မိုဘိုင်းဖုန်းအော်ပရာတာတစ်ခုဖြစ်တဲ့ EE က ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး5Gကွန်ရက်ကို မေလ(၂၉)ရက်နေ့ညက စတင် ဖွင့်လှစ်လိုက်ပါပြီ။ လန်ဒန်မြို့ရဲ့ Thames မြစ်ကမ်းဘေးမှာ ရက်ပါအဆိုတော် Stormzy ရဲ့ ဖျော်ဖြေပွဲတစ်ခုနဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။ 

  
အဆိုတော် Stormzy က လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ 'Vossi Bop' သီချင်းအပါအ၀င် သူ့ရဲ့နာမည်အကြီးဆုံး သီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တာကို ထောင်ပေါင်းများစွာသောပရိသတ်တွေထံ 5G နည်းပညာနဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသပေးတာဖြစ်ပါတယ်။ 
5G နည်းပညာဟာ အချက်အလက်တွေကို အမြန်ဆုံးပေးပို့နိုင်မှာဖြစ်သလို စက်မှုလုပ်ငန်းများစွာနဲ့ အင်တာနက် ကွန်ရက်တွေရဲ့အခြေခံအုတ်မြစ် ဖြစ်လာတော့မှာပါ။ 5G ဟာ အင်တာနက် စတင်ပေါ်ပေါက်လာကတည်းက အကြီးမားဆုံးနည်းပညာ တီထွင်မှုကြီးတစ်ခုလည်း ဖြစ်ပါတယ်။ 
ဒါပေမယ့်လည်း ဗြိတိန်နိုင်ငံရဲ့ 5G တယ်လီကွန်စနစ်တွေဟာ တရုတ်နည်းပညာကုမ္ပဏီကြီးဟွာဝေးရဲ့ နည်းပညာ ပစ္စည်းတွေ ထောက်ပံ့ပေးမယ့်ပေါ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်။ ဟွာဝေးကုမ္ပဏီဟာ အခုလအစောပိုင်းတုန်းက အမေရိကန်အစိုးရရဲ့ နာမည်ပျက်စာရင်းသွင်းခံခဲ့ရပြီးနောက်မှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ဟွာဝေးကုမ္ပဏီရဲ့ 5G ကွန်ရက်တွေကို မသုံးကြဖို့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေကိုလည်း တိုက်တွန်းထားတာဖြစ်ပါတယ်။ 
ဗြိတိန်အမျိုးသားလုံခြုံရေးကောင်စီကလည်း ပြီးခဲ့တဲ့လက ဟွာဝေးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ဟွာဝေးကုမ္ပဏီရဲ့5G ကွန်ရက်နဲ့ဆိုင်တဲ့ အဓိကပစ္စည်းတွေအားလုံးကို ပိတ်ဆို့လိုက်ပြီး အဓိကမဟုတ်တဲ့ပစ္စည်းတွေကိုပဲ လုပ်ပိုင်ခွင့်ပေးမယ် ဆိုပြီးတော့ သဘောတူညီခဲ့ပါတယ်။ 
EE ရဲ့အမှူဆောင်ချုပ် Marc Allera ကတော့ အနာဂါတ်မှာ ဟွာဝေးကုမ္ပဏီဆီက နည်းပညာအထောက်အပံ့တွေ ရ၊ မရ မသေချာဖြစ်နေသလို ဗြိတိန်အစိုးရကလည်း နိုင်ငံအတွင်း5Gကွန်ရက်ကိုရပ်တန့်ဖို့ (ဒါမှမဟုတ်) အချိန်ဆွဲထားဖို့ ကို ဘာညွှန်ကြားချက်မှမပေးထားဘူးလို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 





ဘာသာပြန် - စုစံစိုး
One News Myanmar 

0 comments:

Post a Comment