Thursday, May 30, 2019

ရခိုင်ပြည်နယ်အရေးမှာ ရှုပ်ထွေးသော ကိစ္စဖြစ်ပြီး နိုင်ငံတကာအနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေး အရေးယူမည် ဆိုပါက သဘောမတူနိုင်ဟု ဂျပန်နိုင်ငံ သံအမတ်ကြီး ပြောကြား

ရခိုင်ပြည်နယ်အရေးမှာ ရှုပ်ထွေးသော ကိစ္စဖြစ်ပြီး နိုင်ငံတကာအနေဖြင့် မြန်မာအစိုးရအပေါ် ဖိအားပေး အရေးယူမည် ဆိုပါက ၎င်းတို့အနေဖြင့် သဘောမတူနိုင်ဟု ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Maruyama က ပြောကြားသည်။ 
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဂျပန်သံအမတ်ကြီး၏ နေအိမ်၌ မေ ၂၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ဖွံဖြိုးရေး လုပ်ငန်းများအပေါ် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးရေးအကူအညီ (ODA) ပေးနေမှုနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
“ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ဖိအားပေးမယ်။ အရေးယူမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ သဘောမတူနိုင်ပါဘူး။ အဲဒီလိုလုပ်ရင် ပိုပြီးရှုပ်ထွေး သွားနိုင်ပါတယ်။ ရခိုင်ပြည်နယ်ကိစ္စက အင်မတန်မှ ရှုပ်ထွေးတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အစိုးရအနေနဲ့ မြန်မာပြည်သူလူထု၊ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး အကုန်လုံးအတွက် အကောင်းဆုံး အခြေအနေကို သွားနိုင်အောင် ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာ ဂျပန်အစိုးရရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်” ဟု ဂျပန်နိုင်ငံ သံအမတ်ကြီးက ပြောကြားသည်။ 
ထို့ပြင် ဂျပန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ခွာသွားသူများ ပြန်လည် ဝင်ရောက်လာပါက နေထိုင်ရန်အိမ်များ၊ အစားအစာများအပြင် ပညာသင်ကြားရေးနှင့် အလုပ်အကိုင်ရရှိရေးကိုပါ ကူညီပေးသွားမည်ဟု ဂျပန်သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ 
“ရခိုင်ပြည်နယ်ကိစ္စက အမျိုးမျိုး ရှုပ်ထွေးနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ကြိုးစားနေပေမဲ့ အောင်မြင်တဲ့ အဆင့်ကို မရောက်သေးပါဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာက ရခိုင်ပြည်နယ်အတွက် မြန်မာအစိုးရ ကြိုးစားနေတယ် ဆိုတဲ့ပုံစံကို မြန်မာပြည်သူလူထု သာမက နိုင်ငံတကာကိုပြဖို့လည်း အရေးကြီးပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ တကယ်ပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားနေတယ် ဆိုတာကို နိုင်ငံတကာကိုပြဖို့ အရေးကြီးပါတယ်” ဟု ဂျပန်သံအမတ်ကြီးက ဆိုသည်။ 
ယင်းအပြင် ဂျပန်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအတွက် မြန်မာအစိုးရအား အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရက ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ ထောက်ပံ့ပေးခဲ့ပြီး ယခုအခါ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငါးဘီလျံ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် သုံးဘီလျံကို နိုင်ငံအတွင်းရှိ ဆင်းရဲမှု ပပျောက်ရေးစီမံကိန်း အပါအဝင် စီမံကိန်းအမျိုးမျိုးတွင် သုံးစွဲသွားမည်ဖြစ်ပြီး ဆင်းရဲမှု ပပျောက်ရေး စီမံကိန်းထဲတွင် ရခိုင်ပြည်နယ်လည်း ပါဝင်ကြောင်း သတင်းရရှိသည်။ 

Eleven Media Group 

0 comments:

Post a Comment