Friday, May 31, 2019

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကာ ခန့်မှန်းထားသည်ထက် နှစ်ရက်နောက်ကျ


အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ခန့်မှန်းထားသည်ထက် နှစ်ရက်နောက်ကျခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောကြားသည်။ 
“မုတ်သုံကတော့ မေ ၃၀ ရက်က မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်သွားပြီ။ ဆက်ပြီးတော့ အလယ်ပိုင်းကို ဇွန်တစ်ရက်နေ့ကနေ ငါးရက်နေ့အတွင်း ဝင်မယ်လို့ ခန့်မှန်းထားတယ်။ ဇွန် ပထမ ၁၀ ရက်ပတ်အတွင်း တစ်ပြည်လုံးကိုဝင်ရောက်ဖို့ အလားအလာတွေ့ရတယ်။ မြစ်ဝကျွန်းပေါ်ကို မုတ်သုံဝင်ရောက်တာက ခန့်မှန်းတာထက် နှစ်ရက်နောက်ကျတယ်။ ခန့်မှန်းတဲ့ ရက်ထက်ကော ပုံမှန်ဝင်ရောက်တဲ့ ရက်ထက်ပါ နောက်ကျတယ်” ဟု ဦးလှထွန်းက ပြောကြားသည်။ 
ထို့ပြင် မုတ်သုံဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသည် မုတ်သုံကြောင့် မိုးရရှိနေပြီး မုတ်သုံဝင်ရောက်ခြင်းမရှိသည့် ဒေသများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသတို့တွင် မိုးတိမ်တောင်များ၊ အနောက်ဘက်မှ လာသောလေပွေလှိုင်းများကြောင့်လည်း မိုးရရှိနိုင်ကြောင်း ဦးလှထွန်းက ပြောကြားသည်။ 
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန၏ ဇွန်လပတ် မိုးလေဝသခန့်မှန်းချက်တွင် အနောက်တောင်မုတ်သုံလေသည် ဇွန် ၁ ရက်မှ ၅ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့လည်းကောင်း၊ ဇွန် ၆ ရက်မှ ၁၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။ 
ဇွန်လအတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ 
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၁ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၁၀ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန် ထားသည်။ 
လက်ရှိချိန်တွင်လည်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီဖြစ်ပြီး မုတ်သုံဝင်ရောက်သည့် အချိန်ကာလများတွင် မိုးတိမ်တောင်ဖြစ်စဉ်များ ပိုမိုဖြစ်ပွားကာ မိုးကြိုးပစ်ခြင်း၊ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။ 


Eleven Media Group

0 comments:

Post a Comment