Friday, May 31, 2019

အစိုးရအပေါ် မုန်းထားအောင် ဦးဝီရသူ လှုံ့ဆော်ခဲ့ခြင်းမရှိဟု အမျိုးသားတိုးတက်ရေးပါတီ ထုတ်ပြန်


ဆရာတော်ဦးဝီရသူဟာ အစိုးရအပေါ် မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် လှုံ့ဆော်ခဲ့တာမရှိဘဲ အစိုးရရဲ့ ဆောင်ရွက်ချက်အစီအစဉ်ကို ဥပဒေနဲ့ ညီတဲ့ နည်းနဲ့ ပြောင်းလဲပြုပြင်စေဖို့ ရည်ရွယ်ပြီး ထုတ်ဖော်ပြောဆိုခဲ့တာသာ ဖြစ်တယ်လို့ အမျိုးသားတိုးတက်ရေးပါတီက ကြေညာပါတယ်။ 
ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)လုံး ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒ ဖော်ထုတ်ပွဲမှာ ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေး  မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲထားတဲ့အပေါ် သဘောထားထုတ်ပြန်လိုက်တာပါ။ 

လူထုဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော်ဟာ တရားဝင်ခွင့်ပြုချက်တင်ပြီး ပါဝင်ဟောပြောခဲ့တာ ဖြစ်သလို ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်တွေကို ဘာကြောင့် ပြင်သင့်တယ်၊ မပြင်သင့်ဘူး ဆန္ဒထုတ်ဖော် ခဲ့တာသာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် ဆရာတော်ဟာ အဘိဝံသဘွဲ့ရ စာချဆရာတော် တပါးရဲ့ စိတ်ဓာတ်အရ ဗုဒ္ဓမြတ်စွာ သာသနာတော်အတွက်သာ သစ္စာပြုနိုင်မှာဖြစ်လို့ သစ္စာမဲ့တာ မဟုတ်တဲ့အကြောင်း၊ အငြှိုးထားတာ၊ လက်စားချေတာ အစရှိတဲ့ သံသရာပါမယ့် ကိစ္စတွေကို ဆရာတော်က ဘုရားသားတော်တပါးဖြစ်တဲ့ အားလျော်စွာ လုပ်ကိုင်ဆောင်ရွက်ဖို့ ခဲယဉ်းမယ်လို့ လည်း ဆိုပါတယ်။ 

ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင် မှန်ကန်စွာရပ်တည်ဖို့ လိုအပ်ကြောင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်မှုကို လက်ခံဖို့ လိုအပ်တယ်လို့လည်း မေလ ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပါတီ ဗဟို အလုပ်ဆောင်ကော်မတီရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဦးဝီရသူရဲ့ ဟောပြောချက်တွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့စကား အသုံးအနှုန်းတွေ ပါဝင်တဲ့ အတွက် ဗုဒ္ဓဘာသာဝင် သံဃာတော် တပါးအနေနဲ့ မသင့်တော်တဲ့ အကြောင်း လူမှုကွန်ရက်တွေမှာ ဝေဖန်နေကြတာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment