Friday, May 31, 2019

ဟန်ဂေရီတွင် အပျော်စီးသင်္ဘောနှင့် တိုက်မိခဲ့သည့် ဇိမ်ခံသင်္ဘော ရေယာဉ်မှူးအား ဖမ်းဆီး


ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့ ဒန်ညုမြစ်ထဲမှာ တောင်ကိုရီးယား ခရီးသည်တွေ လိုက်ပါလာတဲ့ အပျော်စီးသင်္ဘောငယ်နဲ့ တိုက်မိခဲ့တဲ့ ဇိမ်ခံသင်္ဘောက ရေယာဉ်မှူးကို ဟန်ဂေရီရဲတပ်ဖွဲ့က မေလ ၃၀ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ 
မေလ ၂၉ ရက်ေန့က မြို့တော် ဘူဒါပက်စ်မှာ မိုးသက်လေပြင်း ကျနေချိန် အရှည် ၄၄၃ ပေရှိတဲ့ ဇိမ်ခံသင်္ဘောကြီး Viking Sigyn ဟာ တောင်ကိုရီးယား ခရီးသည် ၃၃ ယောက်၊ ဧည့်လမ်းညွှန်နှစ်ယောက်နဲ့ သင်္ဘောဝန်ထမ်းနှစ်ယောက် လိုက်ပါလာတဲ့ အပျော်စီးသင်္ဘောငယ်နဲ့ တိုက်မိခဲ့တာပါ။ 
အပော်ျစီးသင်္ဘောငယ် တိမ်းမှောက်ခဲ့တာကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၂၁ ဦး ပျောက်ဆုံးနေပါတယ်။ 
အဲဒီနောက်မှာ Viking Sigyn သင်္ဘောရဲ့ ရေယာဉ်မှူး အသက် ၆၄ နှစ်အရွယ် ယူကရိန်းနိုင်ငံသား ယူရီကို လူ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ မဆင်မခြင် မောင်းနှင်မှုနဲ့ ဟန်ဂေရီ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ 
ရေယာဉ်မှူး ယူရီကို ဖမ်းဆီးတာဟာ ပုံမှန်လုပ်ထုံးလုပ်နည်းဖြစ်ပြီး သင်္ဘောတိုက်မိတဲ့ အကြောင်းရင်းကို စစ်ဆေးဖို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 
လက်ရှိမှာ ကယ်ဆယ်ရေးဆက်လုပ်နေပေမယ့် အသက်ရှင်သူတွေကို ရှာတွေ့ဖို့ အခွင့်အရေး နည်းတယ်လို့ ဟန်ဂေရီ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

DVB

0 comments:

Post a Comment