Friday, May 31, 2019

မယ်ဆိုင်ဘက်မှ ဝင်ရောက်လာသည့် ဘတ်သန်းပေါင်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ


ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင် မဲ့ဖရိတ်မြို့နယ်ထဲမှာ မယ်ဆိုင်ဘက်ကနေ သယ်ဆောင်လာတဲ့ ဘတ်သန်းပေါင်း ၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်နဲ့ ခေတမင်း မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ လမ်းပန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
မဲ့ဖရိတ်မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက် ညက ဖဟွန်ယိုးထင်း အဝေးပြေးလမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် မစ်ဆူဘီရှိ ပါဂျဲရိုးကားတစီး ပေါ်ကနေ လက်ဖက်ခြောက်ထုပ်အသွင် ထည့်သွင်းပြီး ကားထိုင်ခုံနဲ့ နောက်မီ ဆိုဖာတွေထဲမှာပါ သိုဝှက်လာတဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀၀ ကီလိုဂရမ်၊ ခေတမင်း မူးယစ်ဆေး အလေးချိန် ၇၅ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့တာလို့ မဲ့ဖရိတ်ရဲစခန်း တာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။ 

အဲဒီကားကို နိုင်းအပ်ဆကွန်းဘွန်းရစ် (၂၉ နှစ်) က မောင်းနှင်လာပြီး ဘေးမှာ ဇနီးဖြစ်သူနဲ့ တနှစ်အရွယ်ကလေးတို့ လိုက်ပါလာတယ်၊ သူတို့ဟာ အဲဒီမူးယစ်ဆေးတွေကို ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ကနေ သယ်လာတာဖြစ်ပြီး ဘန်ကောက်အတွင်းပိုင်းကို ပို့ဆောင်ပေးဖို့ အငှားသယ်ဆောင်ပေးခဲ့တယ်၊ သယ်ယူပို့ဆောင်ခ အနေနဲ့ ဘတ် ၄ သိန်းရမယ်လို့ ဝန်ခံသွားပါတယ်။ 

ဒါ့အပြင် သူတို့အဖွဲ့ထဲမှာ ရှေ့ကနေ လမ်းပြအဖြစ် အရင်သွားနှင့်တဲ့ မီးခိုးရောင် ဟိုင်းလပ်ကားတစီးရှိကြောင်း စစ်ဆေးသိရှိရတဲ့အတွက် အဲဒီကားကို တာဝန်ရှိသူတွေ စောင့်ကြပ် ဖမ်းဆီးရာမှာ နခွမ်းဆဝမ်မြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယာဉ်မောင်းမှာ နိုင်းတေချဝပ် ဆုခ်ဆု (အသက် ၃၀ နှစ်) ဖြစ်ပြီး အားလုံးကို မူးယစ်မှုနဲ့ အရေးယူဖို့ ဖမ်းဆီးထားကြောင်း ဆိုပါတယ်။ 

အဲဒီ မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်း မြန်မာဘက်ကနေ ဝင်ရောက်လာဖွယ်ရှိပြီး ဖမ်းလို့မမိဘဲ လွတ်ထွက်သွားပါက ဘတ်သန်းပေါင်း ၄၀၀ ကျော် တန်ဖိုးရှိကြောင်း၊ နောက်ဆက်တွဲ ကွင်းဆက်တွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး ချလုမ်ကစ် ဆီဝါရမ်း ကိုယ်တိုင် လာရောက်စစ်ဆေးမယ်လို့ အမှတ် ၅ တိုင်းဒေသ ရဲမှူးချုပ် ဖာနုတေချ ဘွန်းရိုင်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB


0 comments:

Post a Comment