Friday, May 31, 2019

အမေရိကန်ဆိုင်ရာ ထိပ်တန်းသံတမန်နှင့် နိုင်ငံခြားရေးအရာရှိ ၄ ဦးကို မြောက်ကိုရီးယား ကွပ်မျက်


ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် မြောက်ကိုရီးယား အစိုးရက အမေရိကန်ဆိုင်ရာ ထိပ်တန်းသံတမန် ကင်မ်ဟွတ်ချူးလ်နဲ့ နိုင်ငံခြားရေးအရာရှိ ၄ ယောက်ကို ကွပ်မျက်ခဲ့တယ်လို့ တောင်ကိုရီးယားသတင်းစာက မေလ ၃၁ ရက်နေ့မှာ ဖော်ပြပါတယ်။ 
တောင်ကိုရီးယားသတင်းစာ ချိုဆွန်းအီဘို အဆိုအရ ထိပ်တန်းသံတမန် ကင်မ်ဟွတ်ချူးလ်ကို စုံစမ်းစစ်ဆေးပြီး သူနဲ့ နိုင်ငံခြားရေးအရာရှိ ၄ ယောက်ကို အမေရိကန်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ စွဲချက်တင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ 

အဲဒီနောက် ပြီးခဲ့တဲ့ မတ်လတုန်းက ကင်မ်ဟွတ်ချူးလ်နဲ့ အဲဒီ ၄ ယောက်ကို မာရင်းမ်လေဆိပ်မှာ ကွပ်မျက်ခဲ့တယ်လို့ အမည်မသိ မြောက်ကိုရီးယား သတင်းရင်းမြစ်တခုကို ကိုးကားပြီး သတင်းစာက ဖော်ပြပါတယ်။ 

ဒ့ါအပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ အဆင့်တူ မြောက်ကိုရီးယား အကြီးတန်းအရာရှိ ကင်မ်ယောင်ချူးလ်ကိုလည်း တရုတ်နယ်စပ်က အလုပ်ကြမ်းနဲ့ ပြန်လည်ပညာပေးစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ချိုဆွန်းအီဘို သတင်းစာက ဖော်ပြပါတယ်။ 

ကင်မ်ယောင်ချူးလ်နဲ့ အလုပ်အတူတွဲလုပ်တဲ့ အဓိက တာဝန်ရှိသူတွေကိုလည်း ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း မတွေ့ရတော့ဘဲ ဘေးဖယ်ခံထားရတဲ့ အတွေ့အကြုံရှိ သံတမန်တွေ တာဝန်ပြန်ထမ်းဆောင်နေတာကို မြင်တွေ့ရပါတယ်။ 

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်သလို တောင်ကိုရီးယား သမ္မတအိမ်တော် တာဝန်ရှိသူကလည်း အရင်ဆုံး မှန်မမှန် စုံစမ်းသင့်တဲ့ သတင်းအပေါ်မှာ မှတ်ချက်ပေးတာ မသင့်တော်ဘူးလို့ ပြောပါတယ်။


DVB

0 comments:

Post a Comment